ဘရာဇီးက ဖီဖာကို တရားစွဲ

Image caption ဘရာဇီးနိုင်ငံ ရီယို ဒီ ဂျနေးရိုးမြို့က မာရာကာနာ ဘေလုံးကွင်း

ရှေ့နှစ်မှာ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ဘရာဇီးနိုင်ငံရဲ့ ပြည်နယ် ၆ ခုဟာ ယာယီ အခြေခံအဆောက်အဦတွေ တည် ဆောက် ပေးခဲ့ရတဲ့အတွက် ကုန်ကျစားရိတ် ဒေါ်လာသန်း ၁၀၀ ကို ပြန်လျော်ပေးဖို့ ဖီဖာ ဘောလုံးအဖွဲ့ချုပ်နဲ့ ဘရာဇီးနိုင်ငံမှာ ရှိတဲ့ ဖီဖာ အဖွဲ့ခွဲကို တရားစွဲဆိုလိုက်ပါတယ်။

ဇွန်လတုန်းက ဘရာဇီးမှာ ကျင်းပခဲ့တဲ့ ကွန်ဖက်ဒရေးရှင်း ဖလား ဘောလုံးပွဲတွေမှာ စပွန်ဆာ ပေးသူတွေအတွက် ယာယီတဲတွေ၊ ရုပ်သံလွှင့်ဖို့ သီးသန့်ခန်းတွေနဲ့ အထူး ဧည့်သည် ထားဖို့နေရာတွေကို ဖီဖာက တည်ဆောက်ခိုင်းခဲ့တာနဲ့ ပတ်သက်လို့ အဲဒါတွေဟာ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အကျိုးစီးပွား သက်သက်အတွက်သာ ဖြစ်ပြီး ဒေသခံတွေအတွက် ဘာမှ အကျိုးမရှိဘူးလို့ တရားစွဲသူတွေဘက်က ပြောပါတယ်။

ဖီဖာဘက်ကတော့ ဒီအဆောက်အဦတွေ တည်ဆောက်ပေးဖို့အတွက် ၂၀၀၇ နဲ့ ၂၀၀၉ ခုနှစ်တွေတုန်းက လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေထဲမှာ ပါဝင်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။