တီယန်နန်မင်မှာ ကားတိုက်လို့ လူ၅ ဦးသေဆုံး

tiananmen_fire
Image caption ကားမီးလောင်မှု ဖြစ်ပွားခဲ့တဲ့ တီယန်နန်မင် ရင်ပြင်

တရုတ်နိုင်ငံ ဘေဂျင်းမြို့ တီယန်နန်မင် ရင်ပြင်မှာ လူအုပ်ထဲကို ကားတစင်း ဝင်တိုက်ခဲ့တဲ့ အတွက် လူ၅ဦး သေဆုံးပြီး လူအတော်များများ ဒဏ်ရာရသွားပါတယ်။

Forbidden City လို့ခေါ်တဲ့ တရုတ် နန်းတော်ဟောင်းရဲ့ အဝင်ပေါက် နားက တီယန်နန်မင် ရင်ပြင် မြောက်ဘက်စွန်း နားမှာ အခုလို ဖြစ်ပွားခဲ့ တာပါ။ လူအုပ်ထဲ ကားဝင်တိုက်ပြီး မီးလောင်သွားခဲ့ရာမှာ ကားမောင်းသူနဲ့ ကားပေါ် ပါလာသူ နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

လူအုပ်ထဲက နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် နှစ်ဦးလည်း သေဆုံးသွားခဲ့ပြီး သေဆုံးသွားသူတွေဟာ ဖိလစ်ပိုင်က အမျိုးသမီး တဦးနဲ့ ဂျပန်နိုင်ငံက အမျိုးသားတဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာ ရသွားသူတွေ ထဲမှာလည်း ကမ္ဘာလှည့် ခရီးသည်တွေ ပါတယ်လို့ သိရပါတယ်။

ရင်ပြင်နဲ့ ကပ်ရက် ဘူတာရုံတခုကိုလည်း ရဲတွေရဲ့ ပန်ကြားချက်နဲ့ ယာယီ ပိတ်ထား လိုက်တယ်လို့ ဘေဂျင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေက ပြောပါတယ်။

အခင်း ဖြစ်ပွား ပြီးပြီးချင်း မှာပဲ အဲဒီနေရာကို ရဲတွေ ချက်ချင်း ရောက်လာပြီး ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ လုပ်ခဲ့သလို မီးလောင်နေတာကိုလည်း အလျင်အမြန် ငြှိမ်းသတ် နိုင်ခဲ့တာတွေ့ရပါတယ်။

တီယန်နန်မင် ရင်ပြင်ဟာ ၁၉၈၉ခုနှစ်က ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံး ဖြိုခွဲခဲ့တဲ့ နေရာ လည်း ဖြစ်ပါတယ်။

ဒီနေရာဟာ ဆန္ဒပြသူတွေ မကြာခဏ လာရောက် ဆန္ဒပြတာကြောင့်ရော၊ အရေးပါတဲ့ နိုင်ငံရေး အဆောက်အအုံတွေနဲ့ပါ နီးကပ်တဲ့ နေရာ ဖြစ်တာကြောင့် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတဲ့ နေရာ ဖြစ်ပါတယ်။ အဲဒီမှာ ယူနီဖေါင်းဝတ်နဲ့ရော၊ အရပ်ဝတ်နဲ့ပါ လုံခြုံရေး အဖွဲ့ဝင် အတော်များများဟာ မီးသတ်ဘူးတွေ ကိုင်ဆောင်ထားကြပါတယ်။

၂၀၁၁ခုနှစ်လောက်တုန်းက တီယန်နန်မင် ရင်ပြင်မှာ လူတဦး သူ့ကိုသူ မီးရှို့ သတ်သေပြခဲ့ပြီး အဲဒီ့မတိုင်ခင် နှစ်နှစ်လောက်တုန်းကလည်း တီရန်နန်မင် ရင်ပြင်နားက လူစည်ကားရာ လမ်းဆုံတခုမှာ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် ဆိုပြီး ကားပေါ်မှာ လူ၃ဦး သူတို့ကို သူတို့ မီးတင်ရှို့ခဲ့တာမျိုး ရှိခဲ့ပါတယ်။

အခု ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တော့ လောလောဆယ်မှာ ဘာရှင်းလင်း ပြောဆိုချက်မျိုးမှ ထွက်ပေါ်မလာသေးပါဘူး။

အခင်းဖြစ်ပွားတဲ့ နေရာမှာ ရှိနေသူတွေက လူမှုရေး ကွန်ယက်တွေကနေ တဆင့် ဓါတ်ပုံတွေ ချက်ချင်း ပို့ခဲ့တဲ့အတွက် အဲဒီသတင်း ပြန့်နှံ့သွားခဲ့တာပါ။ ဒါပေမယ့် လူမှုရေး ကွန်ယက်တွေပေါ်မှာ ပြန့်နှံ့နေတဲ့ ပုံတချို့ အခုအခါ ဖယ်ရှားခံခဲ့ရပုံ တွေ့ရပါတယ်။

အဲဒီအခင်းဖြစ်ပွားတဲ့နေရာဆီ သတင်းယူဖို့ သွားတဲ့ ဘီဘီစီ သတင်းသမား အဖွဲ့ တဖွဲ့ကိုလည်း ရဲက မိနစ်၂၀လောက် ထိန်းသိမ်းထားခဲ့ပြီး အခုတော့ ပြန်လွှတ် ပေးလိုက်ပြီလို့ ဆိုပါတယ်။ AFP သတင်းဌာနက သတင်းသမား နှစ်ဦးလည်း တီယန်နန်မင် ရင်ပြင်နားမှာ အထိန်းသိမ်းခံခဲ့ရပြီး သူတို့ ကင်မရာထဲက ပုံတွေ အဖျက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ