အီဂျစ်သမ္မတဟောင်း မော်ဆီ အမှု စတင်ကြားနာ

အီဂျစ် နိုင်ငံမှာ ဆန္ဒပြသူတွေ သေဆုံးခဲ့မှုနဲ့ စွဲချက်တင် ခံထားရတဲ့ သမ္မတဟောင်း မိုဟာမက် မော်ဆီရဲ့ အမှုကို ယနေ့ စတင် ကြားနာခဲ့ပါတယ်။

အမှုကို ကြားနာနေစဉ် အတွင်းမှာ မစ္စတာ မော်ဆီက ရုံးထုတ်ခံရသူတွေ ဝတ်ရမယ့် အဝတ်ကို ဝတ်ဆင်ဖို့ ငြင်းဆန်ခဲ့သလို သူဟာ အီဂျစ်ရဲ့ တရားဝင် ခေါင်းဆောင် ဖြစ်နေဆဲ ပဲလို့လည်း ပြောခဲ့ပါတယ်။

သူနဲ့အတူ မွတ်စလင် ညီနောင် အဖွဲ့က နောက်ထပ် ၁၄ ဦးကိုလည်း တရားစွဲဆို ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို အစက စစ်ဘက်စခန်း တစ်ခုမှာ ထိန်းသိမ်းထားခဲ့ပေမယ့် အခုတော့ အလက်ဇန်ဒြီးယားမြို့က ထောင် ကို ရွေ့ပြောင်းထားတယ်လို့ နိုင်ငံပိုင် ရုပ်သံ မှာ ကြေညာသွားပါတယ်။

မစ္စတာ မော်ဆီရဲ့ ရှေ့နေ ကတော့ ဒီစွဲဆိုမှုဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူး လို့ ဆိုပါတယ်။ အရင် သမ္မတ မူဘာရက်က အာဏာကနေ ဆင်းပေးခဲ့တာဖြစ်လို့ မစ္စတာ မော်ဆီက ခုချိန်ထိ တရားဝင် ခေါင်းဆောင် ဖြစ်တယ် လို့ သူက ပြောပါတယ်။ ဥပဒေကြောင်း အရရော၊ အခြေခံဥပဒေ အရပါ သူဟာ သမ္မတ ဖြစ်တယ် အခုအခြေအနေမှာ ဖွဲ့စည်းပုံအတိုင်း တရားဥပဒေ စိုးမိုးရေးကို လိုက်နာဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

အခုတော့ အမှုမှာ စွဲဆို ခံထား ရသူတွေဘက်က သူတို့ကို စွဲဆို ထားချက်တွေကို လေ့လာနိုင်ဖို့ အတွက် အမှုကို လာမယ့် နှစ် ဇန်နဝါရီလ ၈ ရက်ကို ရွေ့ဆိုင်းထားလိုက်ပါတယ်။

မစ္စတာ မော်ဆီရဲ့ အမှုကို စစ်ဆေးခဲ့တဲ့ ကိုင်ရို တရားရုံးချုပ်ရဲ့ အပြင်ဘက်မှာ သူ့ကိုထောက်ခံသူတွေနဲ့ ဆန့်ကျင် သူတွေအကြားမှာ ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့သလို လုံခြုံရေးတွေဘက်က မျက်ရည်ယိုဗုံးတွေ သုံးလို့ ဖြိုခွင်းခဲ့ရပါကြောင်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ