ဟိုင်ယန် မုန်တိုင်း လူ ၁၂၀ ကျော် သေဆုံး

Image caption တက်လိုဘန် မြို့မှာတင် ဒီရေ တက်ပြီး ရေကြီးလို့ သေဆုံးသူ ၁ ရာ ကျော်မယ်လို့ ဆိုပါတယ်

ဖိလစ်ပိုင် နိုင်ငံ တလွှား သောကြာနေ့က ဖြတ်တိုက် သွားတဲ့ အင်းအား အပြင်းထန်ဆုံး မုန်တိုင်း တခု ဖြစ်တဲ့ ဟိုင်ယန် တိုင်ဖုန်း ကြောင့် လူပေါင်း ၁၂၀ ကျော် သေဆုံး သွားခဲ့ တယ်လို့ ဖိလစ်ပိုင် အရာရှိတွေက ပြောပါတယ်။

လေတီကျွန်းက တက်လိုဘန် မြို့မှာတင် ဒီရေ တက်ပြီး ရေကြီးလို့ သေဆုံးသူ ၁ ရာ ကျော်မယ်လို့ ဆိုပါ တယ်။

အဲဒီမြို့က လေဆိပ် အပါ အဝင် အဆောက် အဦးများစွာလည်း ပျက်စီး ကုန်ပြီး၊ အရေးပေါ် စစ်လေယာဉ် ပျံသန်းမှု တွေက လွဲပြီး တခြား ပျံသန်းမှု အားလုံးကို ပိတ်ထားရ ပါတယ်။

အဲဒီ အနီးက ပါလို ဘက်မှာတော့ လူ ၂၀ သေဆုံး တယ်လို့ ဒေသတွင်း သတင်း မီဒီယာက ပြောပါတယ်။ ပါလိုက အရေးပေါ် ကယ်ဆယ်ရေး နေရာတွေမှာလည်း လေပြင်းတဲ့ အတွက် အမိုးတွေ လန်ကုန်တယ်လို့ ဆိုပါတယ်။

မုန်တိုင်း ပထမဆုံး ဝင်ရောက်တဲ့ ဂီဝမ် ဒေသ နဲ့တော့ အဆက် အသွယ် မရသေးဘူးလို့ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

ဗီယက်နမ်ကို ဦးတည်နေ

Image caption မြေနိမ့်ပိုင်းက လူတွေ ဟာလည်း ကုန်းမြင့်ပိုင်း က မုန်တိုင်း ကယ်ဆယ်ရေး နေရာတွေဆီ ပြောင်းရွှေ့ နေ

အခုတော့ ဒီ မုန်တိုင်းဟာ ဗီယက်နမ် ဘက်ကို ဦးတည် သွားနေပြီ ဖြစ်လို့ ဗီယက်နမ် အာဏာပိုင်တွေဟာ မုန်းတိုင်း ဝင်မယ့် လမ်းကြောင်းက သိန်းနဲ့ချီတဲ့ လူတွေကို ဘေးကင်းမယ့် နေရာတွေဆီ စတင် ပြောင်းရွှေ့ ပေးနေပြီ ဖြစ်ပါတယ်။

ဗီယက်နမ်ကိုတော့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထား ပါတယ်။

ကျောင်းတွေကိုလည်း ပိတ်ထားမှာ ဖြစ်ပြီး မြေနိမ့်ပိုင်းက လူတွေ ဟာလည်း ကုန်းမြင့်ပိုင်းမှာ ဖွင့်ထားတဲ့ မုန်တိုင်း ကယ်ဆယ်ရေး နေရာတွေဆီ ပြောင်းရွှေ့ နေကြတယ်လို့ အစိုးရ သတင်း မီဒီယာက ပြောပါတယ်။

ဝန်ကြီးချုပ် ငုယင် တန်ဒေါင်း ကလည်း ဟိုင်ယန် တိုင်ဖုန်း ဝင်ရောက် လာမယ့် အတွက် နိုင်ငံ အတွင်း ပြင်ဆင် မှုတွေ နဲ့ ပတ်သက်ပြီး ကြီးကြပ် ဆောင်ရွက်မှုတွေ ပြုလုပ်နေ ပါတယ်။

သင်္ဘောတွေ ဆိပ်ကမ်းကို ပြန်ကပ်ထားဖို့ ကိုလည်း အာဏာပိုင်တွေက အမိန့် ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ