ဖိလစ်ပိုင်မှာ အရေးပေါ်အခြေအနေ ကြေညာ

philppines_typhoon_
Image caption သမ္မတကိုယ်တိုင် ကယ်ဆယ်ရေးလုပ်

တိုင်ဖွန်း မုန်တိုင်း ဟိုင်ယန် ဝင်ရောက် တိုက်ခတ် သွားခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပိုမို ထိရောက် မြန်ဆန် နိုင်ဖို့ အတွက် လိုအပ်နေပြီ ဖြစ်ပါတယ်။ သမ္မတ ဘန်နီနို အာကွီနိုကလည်း အရေးပေါ် အခြေအနေကြေညာ ထားပါတယ်။

သူ့ရဲ့ ကြေညာချက်ထဲမှာဆိုရင် လေတီနဲ့ ဆမာ ဒေသတွေမှာ အသေအပျောက်နဲ့ အပျက်အစီး အများဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီ ဒေသတွေက ဒုက္ခသည် ထောင်ပေါင်းများစွာမှာလည်း အရေးပေါ် အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။

ဖိလစ်ပိုင် အာဏာပိုင်တွေက ယိုလန်ဒါ လို့ခေါ်ကြတဲ့ ဟိုင်ယန် မုန်တိုင်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဖိလစ်ပိုင် ကမ်းခြေက လေတီနဲ့ ဆမာ ဒေသတွေကို ဝင်ရာက် တိုက်ခတ်ခဲ့တာပါ။

တနာရီကို ၁၄၇ မိုင်ကနေ မိုင် ၁၇၀ လောက်အထိ ပြင်းတဲ့ လေပြင်းတွေအပြင် ၄၅ ပေလောက် ရှိတဲ့ လှိုင်းတွေပါ တက်လာ ခဲ့တာပါ။ မိုးရေချိန်ကလည်း ၁၆ လက်မ လောက်ကို ရှိတဲ့ ဒီဟိုင်ယန် မုန်တိုင်းဒဏ်ကို လူပေါင်း ၉ သန်း မကကို ခံခဲ့ရတာပါ။ အခုဆိုရင် အဲဒီလူတွေထဲက အများစုဟာ စားနပ် ရိက္ခာနဲ့ သောက်သုံးရေ တွေအထူးကို လိုအပ်နေပါပြီ။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ပေါင်းကလည်း ၁၀၀၀၀ ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်း နေကြပါတယ်။

ဖိလစ်ပိုင် စစ်တပ်ရဲ့ ပြောခွင့်ရသူကတော့ တနင်္လာနေ့က လူပေါင်း ၉၄၂ ဦး သေဆုံး ခဲ့တယ် ပြောပါတယ်။ ဒါပေမယ့် အဲဒီ အရေအတွက်ဟာ သိသိသာသာ တိုးလာဖို့ပဲ ရှိပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန် ချက်အရတော့ လူပေါင်း ၉ ဒဿမ ၈ သန်းလောက် မုန်တိုင်း ဒဏ် ခံစား ခဲ့ရပြီ ၆ သိန်း ၆ သောင်းလောက် ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြရပါတယ်။

တက်လိုဘန်ခေါ်တဲ့ မြို့ဟာ မုန်တိုင်းဒဏ်ကို အဆိုးဆုံး ရင်ဆိုင်ခဲ့ရတဲ့ မြို့ဖြစ်ပြီး အဲဒီမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဘာမှ သေချာ မစနိုင်သေးဘူးလို့ အဲဒီမှာရှိနေတဲ့ ဘီဘီစီ သတင်းထောက် ဂျွန် ဒွန်နက်ဆင်က ပြောပါတယ်။

မုန်တိုင်း ဒဏ်ကြောင့် အိမ်တွေ လမ်းတွေသာမက လေဆိပ်တွေပါ ပျက်စီးခဲ့ရလို့ အခုလို ကယ်ဆယ်ရေးတွေ ကြန့်ကြာ နေရတာပါ။ လူမှုကူညီ ကယ်ဆယ်ရေး အဖွဲ့ဖြစ်တဲ့ အောက်စ်ဖမ်းက ဂျိန်း ကောက်ကင်း ကတော့ ကမ်းရိုးတန်းကြီး တခုလုံး ပျောက်သွား ရတဲ့ အထိကို တိုက်ခတ် သွားခဲ့တာလို့ တောင် ဆိုပါတယ်။

အဲဒီမုန်တိုင်းဟာ ကျွန်းပေါင်း ၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင် နိုင်ငံအဖို့ နောက်ဆုံး ရင်ဆိုင်ရတဲ့ သဘာဝ ဘေးဆိုးကြီးပါ။ အခုမေးခွန်းတွေ ထွက်လာ နေတာက အာဏာပိုင် တွေဘက်က ဒီထက်ပိုပြီး ကြိုတင် ပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့မလား ဆိုတာပဲ ဖြစ်ပါတယ်။

တကယ်တော့ တာဝန်ရှိသူတွေ ဘက်ကလည်း မုန်တိုင်း မလာခင် ကတည်းက လူ သိန်းနဲ့ ချီလို့ အရေးပေါ် နားခို စရာ နေရာတွေ ဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဘုရား ရှိခိုးကျောင်းတွေ နဲ့ အစိုးရ အဆောက်အအုံ တွေဆီကို ပို့ပြီး သားပါ။ ဒါပေမယ့် တကယ်တန်းမှာ ဒီအဆောက်အအုံတွေ တောင်မှ မုန်တိုင်းဒဏ်ကို မခံနိုင်ဘဲ ဖြစ်သွား ခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ