ဗြိတိန်ပြည်သူတွေကို ထောက်လှမ်းဖို့ အမေရိကန်ကို ခွင့်ပြု

Image caption အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီရဲ့ လျှို့ဝှက်ချက် တွေကို ဝန်ထမ်းဟောင်း Edward Snowden က ဖွင့်ချခဲ့

ဗြိတိန် နိုင်ငံသားတွေရဲ့ ဆက်သွယ် ပြောဆိုမှု တွေကို ရာဇဝတ်မှုနဲ့ သံသယ မရှိရင်တောင် လျှို့ဝှက် ထောက်လှမ်းဖို့ NSA အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ အဖွဲ့ကို ဗြိတိန်အစိုးရက အခွင့်ပေးထားတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်သစ်တွေ ပေါ်ထွက်လာ ပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ အဖွဲ့ရဲ့ ပေါက်ကြား ပေါ်ထွက်လာတဲ့ မှတ်တမ်းမှတ်စုတခုကို ရည်ညွှန်းပြီး ဗြိတိန်နိုင်ငံထုတ် Guardian သတင်းစာကြီးနဲ့ Channel 4 သတင်းဌာနတို့က အခုလို ထုတ်ဖေါ် တင်ပြလိုက်တာဖြစ်ပြီး လွန်ခဲ့တဲ့ ၆နှစ်လောက်က စည်းမျဉ်းတွေ ပြောင်းလဲ သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ပြောင်းလဲချက်တွေအရ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ အဖွဲ့အနေနဲ့ အမေရိကန်အစိုးရရဲ့ စောင့်ကြည့် ထောက်လှမ်းမှုမှာ ကနဦးမပါခဲ့တဲ့ လူပုဂ္ဂိုလ် တဦးချင်းရဲ့ ဖုန်း ဆက်သွယ် ပြောဆိုမှုတွေ၊ အင်တာနက်၊ email မှတ်တမ်းတွေကို ရယူ ထောက်လှမ်းခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီအဖွဲ့ရဲ့ ကန်ထရိုက်ဝန်ထမ်းဟောင်း Edward Snowden ဆီကနေ ပေါက်ကြား ပေါ်ထွက်လာတဲ့ ထောက်လှမ်းရေး ဖိုင်တွဲတွေကို အခြေခံထားတဲ့ အဲဒီ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အတည်ပြုဖို့ ဒါမှမဟုတ် ပယ်ချဖို့ လန်ဒန်မြို့မှာ ရှိတဲ့ ဗြိတိန် နိုင်ငံခြားရေး ဌာနက ငြင်းဆန်ခဲ့ပါတယ်။