ဖီဖာက လူမျိုးရေး လှုံ့ဆော်မှုနဲ့ ပတ်သက်လို့ စစ်ဆေးမယ်

Image caption ကမ္ဘာဘောလုံး အဖွဲ့ချုပ် ဖီဖာက

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ခရိုအေးရှားနဲ့ အိုက်စ်လန် တို့ ကစားခဲ့တဲ့ ကမ္ဘာဖလား ခြေစစ်ပွဲနဲ့ ပတ်သက်လို့ ကမ္ဘာဘောလုံး အဖွဲ့ချုပ် ဖီဖာက စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာ ကြားနား စစ်ဆေးမှုတွေ လုပ်တော့မှာ ဖြစ်ပါတယ်။

အဲဒီ ပွဲမှာ ခရိုအေးရှားက အိုက်စလန်ကို နိုင်ပြီး ကမ္ဘာ ဖလား ခြေစစ်ပွဲ အောင်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ကစားပွဲ ကျင်းပရာ Zagreb အားကစားရုံ တဝိုက်မှာ ခရိုအေးရှား နောက်တန်းသမား Josip Simunic က အားပေးသူတွေနဲ့ အတူ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီ အုပ်ချုပ်မှုကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့တဲ့ ပုံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သူက မိုက်ကရိုဖုန်းကို ကိုင်ပြီး "For the Homeland" အမိ နိုင်ငံတော် အတွက် ဆိုပြီး ဟစ်အော်ခဲ့တာလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ တဦးတယောက်ကို ထိခိုက်စေဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူးလို့ ချီမိုနစ်ချ် က ပြောပေမယ့် ခရိုအေးရှား အာဏာပိုင်တွေက အခုလို လူမျိုးရေး မုန်းတီးမှု ပြန့်နှံ့အောင် လှုံဆော်မှုနဲ့ သူ့ကို ဒေါ်လာ လေးထောင်ငါးရာ ဒဏ်တပ်ခဲ့ပါတယ်။