အီရန် နျူကလီးယား စက်ရုံတွေ ဖျက်သိမ်းဖို့ ညှိနှိုင်းပွဲမှာ မဆွေးနွေးခဲ့ဘူးလို့ ဆို

Image caption အီရန် သမ္မတ ဟတ်ဆန် ရိုဟန်နီ

အီရန် သမ္မတ ဟတ်ဆန် ရိုဟာနီ ဟာ Financial Times သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောကြားရာမှာ အီရန် နျူကလီးယား စက်ရုံတွေ ဖျက်ဆီးပစ်မယ့် ကိစ္စကို ဆွေးနွေးပွဲမှာ ထည့်မပြောခဲ့ဘူးလို့ ဆိုပါတယ်။

အနုမြူ စက်ရုံတွေကို ဖျက်သိမ်း ပစ်ဖို့ ကိစ္စကို အီရန် အစိုးရက တို့ထိခွင့်မပေးဘဲ ကန့်သတ်ထားတာလားလို့ Financial Times သတင်းစာ က မေးမြန်ရာမှာ သမ္မတ ရိုဟန်နီက "100 percent"တရာ ရာခိုင်နှုန်း သေချာပါတယ်လို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

အီရန်ဟာ အင်အားကြီး ခြောက်နိုင်ငံနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် တုန်းက ကြားဖြတ် သမိုင်း၀င် သဘောတူညီချက်အရ ယူရေနီယမ် သန့်စင်မှုတွေကို ဆိုင်းငံ့ထားရမှာ ဖြစ်ပြီး အပြန်အလှန် အားဖြင့် အီရန်အပေါ် နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှုတွေကို လျော့ပေါ့ပေးခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန် လွှတ်တော် အမတ် တော်တော်များများကတော့ နောက်ဆုံး သဘောတူညီချက် ချမှတ်တဲ့ အခါကျရင် အီရန်က ယူရေနီယံ သန့်စင်ရေး စက်ရုံတွေနဲ့ အနုမြူ ဓါတ်ပေါင်းဖိုတခု ပိတ်ပစ်ဖို့ ကိစ္စတွေ ထည့်သွင်းဖို့ လိုတယ်လို့ ယူဆနေကြပါတယ်။

အီရန်နဲ့ ကျယ်ပြန့်တဲ့ သဘောတူ စာချုပ်တခု မချုပ်ခင် ကမ္ဘာအင်အားကြီး နိုင်ငံတွေက ဒီကြားဖြတ် သဘောတူညီချက်ကို ခြောက်လကြာ အကောင်အထည် ဖော်ဖို့ ညှိနှိုင်း ခဲ့ကြတာ ဖြစ်ပါတယ်။