နယ်လ်ဆင် မန်ဒဲလား ပုံရိပ်

mandela release
Image caption သူ ရော်ဘင် ကျွန်း အကျဉ်းစခန်း က လွတ်မြောက် လာစဉ် က

နယ်လ်ဆင် မန်ဒဲလား ပုံရိပ်နဲ့ သူ့ရဲ့အားမာန်ပါပါ ပြောတဲ့စကားတွေက တောင်အာဖရိက က ပြည်သူတွေတင် မဟုတ်ပါဘူး၊ နိုင်ငံတကာ ပြည်သူတွေရဲ့ ရင်ထဲမှာလည်း တိုးဝှေ့ခဲ့တာပါ။

၁၉၉၄ ခုနှစ် မေလတုန်းက တောင်အာဖရိက နိုင်ငံသမိုင်းမှာ ပထမဦးဆုံး လူမည်း သမ္မတအဖြစ် သူ တာဝန်ယူလိုက်တဲ့ နေ့က ပြောလိုက်တဲ့ သူ့မိန့်ခွန်းထဲမှာ လှပတဲ့နိုင်ငံ Rainbow သက်တန့်ရောင်နိုင်ငံ လို့ တင်စား နေကြတဲ့ သူ့ရဲ့ နိုင်ငံမှာ ဖိနှိပ်မှုတို့ ဘယ်တော့မှ မရှိစေရလို့ ပြတ်ပြတ်သားသား ပြောလိုက်တဲ့အပြင် နိုင်ငံ့ကောင်းကျိုး အတွက် ပြန်လည်ရင်ကြားစေ့ရေး ကို လူထု ထံကို တစ်ခါတည်း ပို့လိုက်တဲ့ မိန့်ခွန်းကို သူချွေ ခဲ့တာပါ။

၁၉၁၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ သူမွေးခဲ့တယ်၊ သူ့ဖခင်က တောင်အာဖရိက လူမျိုးနွယ်တစ်ခုရဲ့ အကြီးအကဲ တစ်ပါးပါ။

သူဟာ တက္ကသိုလ်မှာ ဥပဒေ ဘာသာရပ်ကို သင်ကြားခဲ့ပါတယ်။

African National Congress လို့ခေါ်တဲ့ အာဖရိက အမျိုးသား ကွန်ဂရက် အဖွဲ့အစည်း ကို သူဝင်ပြီးတော့ တောင်အာဖရိကမှာ ကြီးစိုးနေတဲ့ အသားရောင် ခွဲခြားရေး ဝါဒ၊ လူဖြူ ကြီးစိုးအုပ်ချုပ်ရေးဝါဒ Apartheid ကို လူငယ်ဘဝကတည်းက စပြီးတော့ တိုက်ပွဲဝင်ခဲ့တာပါ။

ANC ကိုလူဖြူအစိုးရက နှိပ်ကွပ်ပြီး တော့ အဖွဲ့ဝင်တွေကို ထောင်ချ ဖမ်းဆီး နှိပ်စက်တယ်။

ဒီလိုလုပ်တဲ့အထဲ ANC ခေါင်းဆောင်တစ်ဦးဖြစ်လာတဲ့ မန်ဒဲလား တယောက် လည်း မလွတ် နိုင်ပါဘူး။

သူ့ကို ဖောက်ခွဲမှုတွေ၊ နိုင်ငံတော်ပုန်ကန်မှုတွေ၊ အကြမ်းဖက်ရန်ကြံစည်မှုတွေ နဲ့ ဖမ်းဆီး တရားစွဲ ထောင်ချခဲ့ပါတယ်။

Image caption လူအများ တို့ သတိတရ ရှိကြမယ့် မန်ဒဲလား

နယ်လ်ဆင် မန်ဒဲလား ဟာ ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရပေမဲ့ သူ့ရဲ့လွတ်မြောက်ရေး စိတ်ဓာတ်ကို လူဖြူ အစိုးရက ချိုးနှိမ်လို့မရခဲ့ပါ ဘူး။ ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ရော်ဘင် ကျွန်း အကျဉ်းစခန်းက လွတ်မြောက်လာတော့ သူ့ကို စိတ်လှုပ်ရှားစွာ စောင့်ကြို နေကြတဲ့ လူအုပ်ကြီးနဲ့ ကမ္ဘာကိုပြောလိုက်တဲ့ မိန့်ခွန်းထဲ မှာပါတဲ့ ငြိမ်းချမ်းရေး လွတ်မြောက်ရေးတွေ သူဆောင်ယူ လာမယ်လို့ ကတိပြုလိုက်တဲ့ သူ့စကားက တောင်အာဖရိက နဲ့ ကမ္ဘာအနှံ့က ပြည်သူတွေရဲ့ ရင်ထဲမှာ အားတွေကို ဖြစ်စေခဲ့ပါတယ်။

တကယ်တော့ တောင်အာဖရိက အရေးဟာ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ရတဲ့ အရေးပါ။ သူ့ရဲ့ မဆုတ်မနစ် အားမာန်တွေကြောင့် တိုက်ပွဲဝင် ကြသူတွေ အားပျက်လာကြရင် သူ့ပုံရိပ်နဲ့ စိတ်ဓာတ် တွေက ထိန်းကျောင်းနိုင်ခဲ့ပါတယ်။

ဆိုဝီတို ဆိုတဲ့ မြို့ ကလေးမှာ ၁၉၇၆ တုန်းက ကျောင်းသားလေးတွေ ဆန္ဒပြစဉ် ပစ်ခတ် ခံရလို့ သူ့မောင်တစ်ယောက် ဆုံးသွားခဲ့ပြီးတော့ အသားရောင်ခွဲခြားရေး ဝါဒကို တိုက်ပွဲဝင်ခဲ့တဲ့ လူမည်းအမျိုးသမီးတစ်ဦးက သူတွေဝေ လာတဲ့ အချိန်မှာ မန်ဒဲလား ရဲ့ စိတ်ဓာတ် ဝိညာဉ် တွေကို ပြန်တွေးပြီးတော့ အားတွေတင်း ခဲ့ရတယ်လို့ ပြောပါတယ်။

နယ်ဆင် မန်ဒဲလား ရဲ့ အခန်းကဏ္ဍကို လူမည်းတွေတင် လေးစားခဲ့ရတာ မဟုတ်ပါဘူး၊ လူဖြူတွေဘက်ကလဲ လေးစားခဲ့ရပါတယ်။

မန်ဒဲလား ထောင်က ထွက်ထွက်လာခြင်း ပြီးခဲ့တာတွေ ပြီးပါစေတော့ ဆိုတဲ့ သူ့ ရဲ့ ပုဂ္ဂိုလ်ရေး ခံစားမှုကို လျစ်လျှူရှု ပြီး ဒီလို စကား ကို ပြောလိုက်တဲ့အတွက် တောင်အာဖရိက အစိုးရတွေထဲက လူတွေတောင် အံ့သြမိတယ်လို့ ထင်တဲ့အကြောင်း တောင်အာဖရိကလူဖြူတစ်ဦး က ပြောပြ ပါတယ်။

Image caption မန်ဒဲလား သို့မဟုတ် လွတ်မြောက်ရေး ပုံရိပ်

တောင်အာဖရိက အရေးမှာ ကိုယ်ကမှန်တဲ့ ဘက်က ရှိပေမဲ့ လွတ်လပ်ရေး တိုက်ပွဲဆိုတာက အလကားတော့ ရတာ မဟုတ်ပါဘူး။

ပေးဆပ်ရမှုတွေ၊ ကြံ့ကြံ့ခံရမှုတွေက အမြဲလိုလို လိုအပ်နေတာပါ၊ သူ့ရဲ့ ရဲဘော်ရဲဘက် တဦးဖြစ်တဲ့ ဒန်းနစ်ကိုဘက် က မန်ဒဲလား ဟာ လွတ်မြောက်ရေးအတွက် လုံးဝ အလျှော့မပေး ခိုင်မာခဲ့တဲ့ အကြောင်းပြောရင်း မန်ဒဲလားဟာ အောင်ပွဲကို ရလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်၊ အဲဒီအောင်ပွဲဟာလဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပြီး ရမဲ့ အောင်ပွဲ ဖြစ်တယ်ဆိုတာကိုလည်း မန်ဒဲလားက ယုံကြည်ခဲ့တယ် လို့ ပြန်ပြောပြပါတယ်။

တောင်အာဖရိနိုင်ငံ အခုလို လွတ်မြောက်လာတာနဲ့ အကောင်းဆုံး အသင့်တော်ဆုံး နိုင်ငံရေး လမ်းကြောင်းကို နယ်လ်ဆင် မန်ဒဲလား က ချမှတ် နိုင်ခဲ့ပါတယ်။

ဒီလိုဖြတ်သန်းမှုတွေနဲ့ သူဟာ နိုင်ငံရေးမှာ ဘယ်လိုကြီးမြတ်တဲ့ ပုဂ္ဂိုလ်အဖြစ် မှတ်ယူနိုင်ပါသလဲ။

ဘီဘီစီ က ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲကတော့ နယ်လ်ဆင် မန်ဒဲလား ကို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးအဖြစ် ဖြစ်စေတဲ့ သူ့ရဲ့ အဓိက အရည်အသွေးကတော့ ခွင့်လွှတ်နိုင်စွမ်းပါလို့ ပြောပါတယ်။

မစ္စတာ မန်ဒဲလား နေရာကို ဝင်ကြည့်ရင် သူခံစားရတဲ့ ကြွေကွဲခဲ့စရာတွေ၊ တရားမျှတမှု ကင်းမဲ့တာ တွေ၊ မနှစ်မြို့စရာ နှိပ်ကွပ်မှုတွေ ကို ကြုံခဲ့ရသူ တစ်ဦးက ပြုခဲ့သူတွေကို လက်စားချေချင်စိတ် ရှိမှာ သေချာပါပဲ။ ဒါပေမဲ့ သူဟာ သူ့ နိုင်ငံ သူ့ပြည်သူတွေ အားလုံးကို ရှေ့ရှုပြီးတော့ ခွင့်လွှတ်တဲ့စိတ်နဲ့ ပြန်လည်ပေါင်းစည်းရေးကို လုပ်ပြနိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်လို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲက ချီးမြှောက်ခဲ့ပါတယ်။

အသားရောင်ခွဲခြားရေးဝါဒကို ရဲရဲတောက် တိုက်ပွဲဝင်ခဲ့တဲ့ မစ္စတာ နယ်ဆင် မန်ဒဲလား တစ်ယောက် အသက် ၉၅ နှစ် အရွယ်မှာ ကွယ်လွန်သွားတာဆိုတော့ မီးစာကုန် ဆီခမ်းလို့ ကွယ်လွန်သွားတယ်လို့ ဆိုကြမှာပါ။

ဒါပေမဲ့ ကမ္ဘာပေါ်မှာ သူထား ခဲ့တဲ့ အမှန်တရားဘက်က အညံ့မခံ တိုက်ပွဲဝင်တဲ့ ဘာမထီ စိတ်ဓာတ်နဲ့ ဖိနှိပ်ခဲ့သူတွေကို ခွင့်လွှတ်ပြီး နိုင်ငံရေးအရ ရင်ကြားစေ့ရေးကို ပြုလုပ်ပေးနိုင်ခဲ့တဲ့ နယ်လ်ဆင်မန်ဒဲလား ရဲ့ ပုံရိပ်နဲ့ စိတ်ဓာတ်တွေ ကတော့ ဒီကမ္ဘာမြေ ကနေ ဘယ်တော့မှ ပျောက်လွင့်သွား မှာ မဟုတ်ပါဘူး။