အများအတွက် အသက်စတေးခဲ့တဲ့ အီရတ် ရဲကို ဂုဏ်ပြု

Image caption Diyala ဒေသက ဗလီကို ဗုံးခွဲ တိုက်ခိုက်ခံရပြီး မြင်ကွင်း

အီရတ်နိုင်ငံမှာ ပေါက်ကွဲမှုက ဘေးလူတွေကို ကာကွယ်နိုင်အောင် အသေခံဗုံးခွဲသမားကို ဖက်ကာ သူ့အသက်ကို စတေးခဲ့တဲ့ ရဲ တယောက်ကို သူရဲကောင်း သဖွယ် ဂုဏ်ပြုခဲ့ကြပါတယ်။

အသေခံ ဗုံးခွဲ သမားဟာ Diyala ပြည်နယ်မှာ ရှီးယား ဘုရားဖူး သမားတွေကို ပစ်မှတ်ထား ဖောက်ခွဲ တိုက်ခိုက်ချိန်မှာ အဲဒီ ရဲက ဗုံးသမားကို သူ့လက်နဲ့ သိုင်းဖက် အုပ်လိုက်တာ ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီ ရဲအရာရှိ နာမယ်က Ayoub Khalaf ဖြစ်ပြီး သူ့နဲ့အတူ လုပ်ဖော်ကိုင်ဖက် တယောက်နဲ့ တခြား ဘုရားဖူး တော်တော်များများလည်း ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

သူသာ အကာအကွယ် မပေးခဲ့ရင် ဒီထက် ပိုပြီး အသေအပျောက် ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

Kerbala ဘာသာရေး ပွဲတော်ကို လာတဲ့ သိန်းနဲ့ချီတဲ့ ရှီးယား မွတ်ဆလင် ဘုရားဖူးတွေကို ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်မှု အတော်များများ ရှိနေကြားက ဒီဖြစ်ရပ် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။