ထောင်ဒဏ်ကျ စီးပွားရေးလုပ်ငန်းရှင်ကို လွတ်ငြိမ်းခွင့်ပေးမယ်လို့ ပူတင်ပြော

Image caption ခါဒေါ့ကောဗ်စကီးကို ပြန်လွတ်မယ်လို့ သမ္မတ ပူတင်က ပြော

ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံရဲ့ အကျော်ကြားဆုံး အကျဉ်းသားလည်း ဖြစ် တချိန်က သူ့ရဲ့ အကြီးဆုံး နိုင်ငံရေး ရန်သူလည်း ဖြစ်တဲ့ သူဌေးကြီး မီခေးလ် ခါဒေါ့ ကော့ဗ်စကီးကို မကြာခင် ပြန်လွှတ်ပေးကောင်း လွှတ်ပေးမယ်လို့ ရုတ်တရက် ထုတ်ဖော် ကြေညာလိုက်ပါတယ်။

သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မစ္စတာ ခါဒေါ့ ကော့ဗ်စကီးက မေတ္တာ ရပ်ခံထားတယ်လို့ သမ္မတ ပူတင်က သတင်းထောက်တွေကို ပြောပြပါတယ်။

မစ္စတာ ခါဒေါ့ ကော့ဗ်စကီးဟာ သူ့မှာ အပြစ်ရှိကြောင်းကို အသိအမှတ်ပြု ထုတ်ဖေါ်ပြောခဲ့တယ်လို့ သမ္မတ ပူတင်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဆာဂေး မားကော့ဗ် က ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ခါဒေါ့ ကော့ဗ်စကီးရဲ့ ရှေ့နေတွေဆီကတော့ အတည်ပြု ပြောကြားချက် တစုံတရာ ထွက်ပေါ်မလာသေးပါဘူး။

မစ္စတာ ခါဒေါ့ ကော့ဗ်စကီး အကျဉ်းကျနေတာ ၁၀နှစ်ကျော် ရှိနေပါပြီ။

သူ့ကို ဖမ်းဆီးပြီး လိမ်လည်မှုနဲ့ ပြစ်မှု ထင်ရှားစေခဲ့တာဟာ သမ္မတ ပူတင်အနေနဲ့ သူ့ရဲ့ အာဏာပြိုင်ဘက်တွေကို ကိုင်တွယ်တဲ့ နည်းလမ်းတခု အဖြစ် အများက ရှုမြင်ကြပါတယ်။

အခုလို မစ္စတာ ခါဒေါ့ ကော့ဗ်စကီးကို လွတ်ငြိမ်းခွင့် ပေးတာဟာ အခုနှစ် ရုရှားနိုင်ငံမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲ မတိုင်ခင် ရုရှားနိုင်ငံရဲ့ လူ့အခွင့်အရေး ပြယုဂ် ကောင်းလာအောင် လုပ်ဖို့ စည်းရုံးမှု တစိတ်တပိုင်း ဖြစ်နိုင်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ