လန်ဒန်မြို့ ပြဇာတ်ရုံ အမိုးပြိုကျပြီး လူ၈၀ကျော် ဒဏ်ရာရ

Image caption အခင်းဖြစ်ပွားပြီးပြီးချင်း မိနစ်ပိုင်းအတွင်း အရေးပေါ် အကူအညီတွေ ရောက်ရှိလာ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်က ပြဇာတ်ရုံ ကြီးတခုမှာ ပြဇာတ်ပြနေရင်း တန်းလန်း ရုံခေါင်မိုး တစိတ်တပိုင်း ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ၈၀ကျော် ဒဏ်ရာ ရသွားပြီး အဲဒီထဲက လူ၄ဦး အခြေအနေ စိုးရိမ်ရတယ်လို့ လန်ဒန် မီးတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ Apollo theatre ပြဇာတ်ရုံကြီးထဲမှာ ပိတ်မိနေသူတွေ အားလုံးကို အခုအခါ အပြင်ကို ထုတ်ပေးနိုင်ခဲ့ပြီလို့ ပြောပါတယ်။

ပြဇာတ်ထဲ ပါသူတွေကတော့ တဦးတလေမှ ထိခိုက် ဒဏ်ရာ မရခဲ့ဘူးလို့ ပြဇာတ်ရုံ မန်နေဂျာက ပြောပြပါတယ်။

ဂျိုးဂျိုးဂျွတ်ဂျွတ် အသံတခု ထွက်လာပြီး အော်သံဟစ်သံတွေ ကြားရတော့ ပထမတော့ ပြဇာတ်ထဲက အသံလို့ ထင်ခဲ့မိကြောင်း၊ နောက်တော့ အပေါ်ထပ်က ပွဲကြည့် ပရိသတ်တွေ ဆင်းပြေးလာတာကို တွေ့ခဲ့ရကြောင်း ပြဇာတ်ရုံထဲမှာ ရှိနေခဲ့တဲ့ မျက်မြင်သက်သေတဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။

ပြဇာတ်ရုံ အမိုး ပြိုကျချိန်မှာ "Curious Incident Of The Dog in the Night-Time" ပြဇာတ် ပြနေချိန် ဖြစ်ပြီး ပွဲကြည့် ပရိသတ်တွေနဲ့ ကြိတ်ကြိတ်တိုး ပြည့်နှက်နေခဲ့ပါတယ်။

Apollo theatre ပြဇာတ်ရုံကြီးမှာ ပွဲကြည့်စင် အဆင့် ၄ဆင့် ရှိပြီး ထိုင်ခုံ ၈၀၀ နီးပါးလောက်ရှိပါတယ်။