တောင်ပိုင်းဆူဒန် မငြိမ်သက်မှု နိုင်ငံတကာ ဝန်ထမ်းတွေ ထွက်ပြေးနေရ

Image caption တောင်ပိုင်းဆူဒန်က မတည်ငြိမ်တဲ့ အခြေအနေ

တောင်ပိုင်းဆူဒန်မှာ လူမျိုးရေး အကြမ်းဖက်မှုတွေ ဖြစ်နေတာကြောင့် နိုင်ငံတကာ ရေနံတွင်း အလုပ်သမားတွေ ထွက်ပြေးနေကြရပြီး သမ္မတ ဆယ်လ်ဗာ ကီးယားကို တိုက်နေတဲ့ သူပုန်တွေ ထိန်းချုပ်ရာ တချို့နေရာတွေမှာ အလွန်အမင်း ရက်စက်မှုတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

Unity State ဆိုတဲ့ ရေနံတွင်းတွေ ရှိရာ နေရာမှာ လူတွေရဲ့ ခေါင်းကို ကျောက်တုံးတွေနဲ့ ရိုက်ခွဲ ၊ လည်ပင်းတွေကို လှီးဖြတ် ၊ လက်တွေကိုလည်း ဓါးနဲ့ ဖြတ်တောက်ပစ်တဲ့ အထိ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ ဖြစ်နေတယ်လို့ သတင်းထောက် တယောက်က ပြောပါတယ်။

သီတင်းတပတ်ကြာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒုသမ္မတဟောင်း ရီးရက်မာချာက သူ့တပ်ဖွဲ့တွေဟာ ယူနက်တီ စတိတ်ကို သိမ်းလိုက်နိုင်ပြီလို့ ဆိုပါတယ်။

အဲဒီ ဒေသမှာ အဓိက ရေနံတွင်းတွေရှိပြီး ဒီသတင်းမှန်မမှန် ဆိုတာကို သီးခြား လွတ်လပ်တဲ့အဖွဲ့တွေရဲ့ အတည်ပြုချက်တွေ ထွက်မလာသေးပါဘူး။

အစိုးရ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး James Koang ဟာ သူတို့ဖက်ကို ဘက်ပြောင်း လာခဲ့တာ ဖြစ်တယ်လို့ မစ္စတာ မာချာက ဘီဘီစီကို ပြောပါတယ်။

၂ဝ၁၁ ခုနှစ်တုန်းက လွတ်လပ်ရေး ရခဲ့တဲ့ တောင်ပိုင်းဆူဒန်ရဲ့ စီးပွားရေးဟာ ရေနံ လုပ်ငန်းက ရတဲ့ ၀င်ငွေပေါ်မှာ ၉၅ ရာခိုင်နှုန်းလောက် ရပ်တည်နေရတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက တောင်ပိုင်းဆူဒန်မှာ လူမျိုးရေး အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့ အပေါ် နိုင်ငံရေး ခေါင်းဆောင်တွေကို သတိပေးလိုက်ပြီး အခုလို အကြမ်းဖက်မှုတွေ ဖြစ်နေတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ခက်ရာခက်ဆစ် ကြိုးစားရယူခဲ့တဲ့ လွတ်လပ်ရေးကို အန္တရယ်ပေး ခြိမ်းခြောက်လိမ့်မယ်လို့ ဆိုပါတယ်။

အင်အားသုံးပြီး အာဏာကို ရယူဖို့ ကြိုးစားမှုတွေကို အမေရိကန်နဲ့ နိုင်ငံတကာ အဖွဲ့တွေ ပေါင်းပြီး အဆုံးသတ်ရလိမ့်မယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ဘိုအာမြို့မှာ အမေရိကန် စစ်လေယာဉ် တစင်း သေနတ်ပစ်ခံခဲ့ရတုန်းက လေတပ်ဝန်ထမ်း လေးယောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် အမေရိကန် နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ကြိုးစားစဉ်မှာ တောင်ပိုင်းဆူဒန်က အကာအကွယ်ပေးခဲ့ဖူးတယ်လို့ သူက ဆိုပါတယ်။

တောင်ပိုင်းဆူဒန် တပ်ဖွဲ့တွေဟာ ဒုသမ္မတဟောင်း ရီးရက်မာချာကို သစ္စာခံတဲ့ သူပုန်တွေ လက်ကနေ ဘိုအာမြို့ကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ