အီရတ်မှာ အယ်ကိုင်းဒါးနဲ့ တိုက်ခိုက်

Ramadi
Image caption ရာမာဒီမှာ အခြေအနေတွေ ရှုပ်ထွေး

အီရတ်နိုင်ငံ အနောက်ပိုင်း က ဖလူဂျာ မြို့မှာ အယ်ကိုင်းဒါးနဲ့ ဆက်စပ် နေတဲ့ စစ်သွေးကြွ တွေနဲ့ အစိုးရ အထူး စစ်ဆင်ရေး တပ်တွေ အကြီးအကျယ် တိုက်ပွဲ ဖြစ်နေပါတယ်။

အနီးက ရာမာဒီ မြို့ မှာလည်း အီရတ် နဲ့ မြေထဲ ပင်လယ် အရှေ့ခြမ်း နိုင်ငံများ အစ္စလာမ္မစ် အဖွဲ့က လက်နက်ကြီးတွေ တပ်ဆင် ထားတဲ့ ယာဉ်တွေ ပေါ်က ပြောက်ကျား အင်အား ၂၅ဝ ကျော်ကို အီရတ် ရဲတွေက ချေမှုန်းဖို့ ကြိုးစား နေပါတယ်။

ရာမာဒီ မြို့က အခြေအနေတွေ သိပ်ရှုပ်ထွေး နေတယ်လို့ သတင်းထောက် တယောက်က ဘီဘီစီကို ပြောပါတယ်။

ရာမာဒီက ကာလရှည်ကြာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ တနင်္လာ နေ့က လုံခြုံရေး တပ်တွေက ဖြိုခွဲဖို့ ကြိုးစားခဲ့ ပြီးနောက် အခုလို မငြိမ်မသက်မှုတွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

အီရတ် နိုင်ငံ အန်ဘာပြည်နယ်က မြို့ကြီး နှစ်ခုဖြစ်တဲ့ ဖလူဂျာနဲ့ ရာမာဒီ က နေရာ တချို့ကို အယ်ကိုင်းဒါးနဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွ တွေက သိမ်းထားတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

အန်ဘာ ပြည်နယ်ဟာ ရှီးယား မွတ်ဆလင် တွေ လွှမ်းမိုးတဲ့ အစိုးရ အဖွဲ့ကို စိန်ခေါ် နေတဲ့ ဆွန်နီ မွတ်ဆလင် စစ်သွေးကြွတွေ ကြီးစိုးတဲ့ နေရာ ဖြစ်ပါတယ်။

ဖလူဂျာ ဒေသ အလယ်ပိုင်း နဲ့ တောင်ပိုင်းမှာ စစ်သွေးကြွ တွေက စစ်ဆေးရေး ဂိတ်တွေ ချထားတယ်လို့ မျက်မြင်သက်သေ တယောက်က ပြောပါတယ်။

အဲဒီ နေရာဟာ လက်နက်ကိုင် အစွန်းရောက် ဝါဒီတွေရဲ့ ဌာနချုပ်လို့ အစိုးရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ