တောင်ဆူဒန် ဒုက္ခသည်တွေ အမိုးအကာကူညီမဲ့နေ

Image caption တောင်ဆူဒန်က ဒုက္ခသည် ကလေးတွေ

တောင်ဆူဒန်က တဖက်နဲ့ တဖက် တိုက်ခိုက်နေတဲ့ အဖွဲ့ ကိုယ်စားလှယ်တွေဟာ အီသီယိုပီးယား နိုင်ငံ မြို့တော် အဒစ်စ်ဘာဘာ မှာ ရောက်နေပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် ပြင်ဆင်နေကြပါတယ်။

သမ္မတ ဆယ်လ်ဗာ ကီးယားနဲ့ သူ့လက်ထောက်ဟောင်း ရီးရက်မက်ရှား တို့နှစ်ယောက်လုံးက သူတို့ရဲ့ ညှိနှိုင်းရေးမှူးတွေကို အဒစ်အဘာဘာမြို့ကို စေလွှတ်ထားပါတယ်။

ဒါပေမယ့် တောင်ဆူဒန်မှာ တိုက်ခိုက်မှုတွေကတော့ ရပ်မသွားသေးဘဲ အရပ်သား အများအပြားဟာ အမိုးအကာနဲ့ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ Bor မြို့ကနေ လှေနဲ့ ဖြတ်ထွက်ပြေးလာတဲ့ သူ ခုနှစ်သောင်း ငါးထောင်လောက်ဟာ နိုင်းမြစ်ကမ်းပါးမှာ စခန်းချနေကြရတယ်လို့ သတင်းရရှိပါတယ်။

ဘော်မြို့ကနေ ထွက်ပြေးလာတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး Ruben Akurdit Ngong က Bor မြို့က လမ်းတွေပေါ်မှာ အလောင်းတွေ အများအပြား တွေရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ