အာဖဂန် မိန်းကလေး သမ္မတ ဟာမစ်ခါဇိုင်း ဆီမှာ နေစရာတောင်း

Image caption အာဖဂန် သမ္မတ Hamid Karzai

အာဖဂန် နစ္စတန်မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ မိန်းမငယ်လေးက သူ့အတွက် နေစရာ ရှာပေးဖို့ သမ္မတ ဟာမစ်ခါဇိုင်း ဆီမှာ အသနားခံခဲ့တယ်လို့ ရဲက ပြောပါတယ်။

အာဏာပိုင်တွေ အပြောအရ အသက် ၁ဝနှစ် ရှိပြီ ဆိုတဲ့ မိန်းကလေး စပိုးရှ်မိုင်ရ် က ပြောရာမှာ အကို ဖြစ်သူက သူ့ကို အသေခံ ဗုံးသမား အဖြစ် အသုံးချခဲ့တာ ဖြစ်ပြီး တကယ်လို့ အိမ်ပြန်သွားမယ်ဆိုရင် ဒါမျိုး ထပ်ကြုံရဦးမှာဘဲလို့ သူက ပြောပါတယ်။

ဒါ့အပြင် ဘုရားသခင်က သူ့ကို ဗုံးတွေ တပ်ဆင်ထားတဲ့ ကိုယ်ကျပ်အကျီ မဝတ်ဖြစ်အောင် စွမ်းဆောင်ခဲ့တယ်လို့ သူက ဆိုပြီး မစ္စတာ ခါဇိုင်း အနေနဲ့ သူ့အတွက် တနေရာရာမှာ နေထိုင်ခွင့် စီစဉ်ပေးဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

ဒီမိန်းကလေးဟာ စနက်တံကို နှိပ်တဲ့ အခြေအနေထိ မရောက်ခဲ့တာကြောင့် ပေါက်ကွဲမှု မဖြစ်ခဲ့ဘူးလို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။