နာမည်ကျော် အာဖရိက တိုက်သား ဘီဘီစီ အစီအစဉ် တင်ဆက်သူ ကိုမလာ ဒူးမား ကွယ်လွန်

Komla Dumor
ဓာတ်ပုံ ပုံစာ,

ကိုမလာဟာ နာမည် အကြီးဆုံး အာဖရိက သတင်း သမားတွေ ထဲက တဦးပါ

ဘီဘီစီ ကမ္ဘာ့ ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ ကိုမလာ ဒူးမားဟာ အသက် ၄၁ နှစ် အရွယ်မှာ နှလုံး ရောဂါနဲ့ ရုတ်တရက် ကွယ်လွန် သွားပါတယ်။

ဂါနာ နိုင်ငံရဲ့ နာမည် အကြီးဆုံး သတင်းသမား တွေထဲက တဦးဖြစ်တဲ့ ကိုမလာဟာ ဘီဘီစီကို ၂၀၀၇ ခုနှစ်မှာ စတင် ရောက်ရှိခဲ့တာ ဖြစ်ပြီး ဘီဘီစီ ကမ္ဘာ့ သတင်းနဲ့ Focus on Africa အစီအစဉ် တွေကို တင်ဆက် ခဲ့ပါတယ်။

ကိုမလာဟာ သတင်း တွေကို အမှန် အတိုင်း တင်ပြဖို့ စိတ်ထက်သန်သူ တဦး ဖြစ်ပြီး အာဖရိကရဲ့ ခွန်အားနဲ့ စိတ်ဓါတ် တက်ကြွမှု တွေကို ကိုမလာ ပြောပြခဲ့တဲ့ သတင်းတိုင်းမှာ ထင်ဟပ် နေတာ တွေ့ရတယ်လို့ ဘီဘီစီ ကမ္ဘာ့ သတင်းဌာနရဲ့ ဒါရိုက်တာ ပီတာ ဟောရော့ က ပြောပါတယ်။

သူကွယ်လွန် သွားတာဟာ ဘီဘီစီ ကမ္ဘာ့သတင်းဌာန၊ ဘီဘီစီ ကမ္ဘာ တလွှား အစီအစဉ်နဲ့ အထူးသဖြင့် အာဖရိကနဲ့ ဆိုင်တဲ့ ဘီဘီစီ ဌာန တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တရပ် ဖြစ်တယ်လို့ လည်းသူက ဆိုပါတယ်။

ကိုမလာဟာ New African မဂ္ဂဇင်းရဲ့ ၂၀၁၃ ခုနှစ်အတွင်း သြဇာ အရှိဆုံး အာဖရိက တိုက်သား ၁၀၀ စာရင်းထဲမှာ ပါဝင်ခဲ့ ပါတယ်။

သူဟာ ကမ္ဘာ့အသံလွှင့် လုပ်ငန်းမှာ အောင်မြင် ကျော်ကြားသူ တဦး ဖြစ်လာအောင် ကိုယ်တိုင် ကြိုးစား ဆောင်ရွက် နိုင်သူ ဖြစ်တယ်လို့ အဲဒီ မဂ္ဂဇင်း က ဖော်ပြပါတယ်။

၂၀၀၉ ခုနှစ်မှာတုန်းက ကိုမလာဟာ ဘီဘီစီအာဖရိက စီးပွားရေးသတင်း အစီအစဉ်ကို ပထမဆုံး တာဝန်ယူ တင်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။

သူဟာ ဂါနာ တက္ကသိုလ်ကနေ လူမှုရေးသိပ္ပံနဲ့ စိတ်ပညာ အဓိကဘာသာနဲ့ ဘီအေ ဘွဲ့ ရခဲ့ပြီး ဟားဘတ် တက္ကသိုလ်ကနေ လူထုစီမံခန့်ခွဲမှု ဘာသာရပ်နဲ့ မဟာဘွဲ့ ကို ရရှိခဲ့ပါတယ်။

ကိုမလာဟာ ၂၀၀၃ ခုနှစ်တုန်းက ဂါနာ နိုင်ငံရဲ့ အထူးချွန်ဆုံး သတင်းသမား ဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။