ဘရာဇီးမှာ ကမ္ဘာဖလား ဘောလုံးပွဲ အတွက် ကွင်းတွေ မပြီးသေး

ဓာတ်ပုံ မူပိုင် AFP
Image caption Curitiba မြို့က ဘောလုံးကွင်း မပြီးသေးတဲ့ အခြေအနေ

ဒီနှစ် ကမ္ဘာဖလား ဘောလုံးပွဲ ကျင်းပမယ့် ဘရာဇီးမှာ နိုင်ငံတောင်ပိုင်း Curitiba မြို့က အားကစားရုံ အချိန်မှီ တည်ဆောက်ရေး လုပ်ငန်းတွေ မပြီးရင် ကစားပွဲ ကျင်းပမယ့် နေရာတွေထဲက ဖယ်ထားမယ်လို့ ဘရာဇီး အာဏာပိုင်တွေကို ဖီဖာ ကမ္ဘာဖလား ဘောလုံး အဖွဲ့ချုပ်က သတိပေးလိုက်ပါတယ်။

Arena da Baixada ဘောလုံးကွင်းက ပြုပြင်မွမ်းမံရေး လုပ်ငန်းတွေဟာ သတ်မှတ်ထားတဲ့ အချိန်ထက် အလွန်အမင်း နောက်ကျနေတယ်လို့ ဖီဖာ အတွင်းရေးမှူးချုပ် Jerome Valcke က ပြောပါတယ်။

ဒါ့အပြင် နောက်လ ကျရင် ဒီဘောလုံးကွင်းကို ထပ်မံ စစ်ဆေးပြီး ခိုရော်တီးဘားကို ကစားပွဲ ကျင်းပတဲ့ မြို့အဖြစ် ဆက်လက် သတ်မှတ် ဦးမလား ဆိုတာကို အဲဒီအခါ ဆုံးဖြတ်မယ်လို့ ဂျရုံး ဗက်လ်ခ် က ဆိုပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပဖို့ ငါးလတောင် မလိုတော့တဲ့ အချိန်မှာ ကစားပွဲတွေ ကျင်းပမယ့် ဘရာဇီးက ဘောလုံးကွင်း ၁၂ ထဲက ခြောက်ခုက အခုထိ မပြီးသေးဘဲ ရှိနေတာ ဖြစ်ပါတယ်။