အီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီကို ရုံးတင်

ဓာတ်ပုံ မူပိုင် AP
Image caption အာဏာရှိစဉ် ၂၀၁၂ ခုနှစ်က သမ္မတ မော်စီ

မနှစ်က စစ်တပ်က အာဏာ သိမ်းမှုကြောင့် အာဏာ လက်လွှတ်ခဲ့ရတဲ့ သမ္မတဟောင်း မိုဟာမက် မော်စီကို လောလောဆယ်မှာ စွဲဆိုထားတဲ့ အမှုက ၄ မှု ရှိပါတယ်။

ဒီအမှု တွေထဲမှာ သူအာဏာရ စဉ်က ဆန္ဒပြ သူတွေကို သတ်ဖြတ် ဆူပူမှုတွေ ဖြစ်အောင် သူ့နောက်လိုက် တွေကို သွေးထိုးမှု၊ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ပြီး အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်မှု၊ ရုံးတော်ကို စော်ကားမှု တွေအပြင် အခုတခါကတော့ သမ္မတ မူဘာရက်လက်ထက် ၂ဝ၁၁ အုံကြွမှုတွေ အတွင်း သူတို့ Wadi al-Natrun ထောင်ကြီးကို ဖောက်ပြေးခဲ့တုန်းက အကျဉ်းထောင် အရာရှိ တွေကို သတ်ဖြတ်မှု နဲ့ စစ်ဆေးနေတာပါ။

ဒီလို ထောင်ဖောက်မှုနဲ့ စွဲဆို ထားတဲ့သူ ပေါင်း ၁၃ဝ လောက် ရှိပြီး ဒီလူတွေ ထဲက အများ အပြားက ဝရမ်းပြေး ဖြစ်နေကြဆဲ ပါ။

ဒီနေ့ဟာ သူတို့ ထောင်ဖောက် ပြေးကြတာ ၃ နှစ် ပြည့်တဲ့ နေ့လည်း ဖြစ်ပါတယ်။ မစ္စတာ မော်စီကတော့ သူတို့ကို ဒေသခံ အရပ်သား တွေက ကယ်ဆယ် လွှတ်ပေးလိုက်တာလို့ ပြောခဲ့ဖူးပါတယ်။

လုပ်ကြံ သတ်ဖြတ် ဗုံးခွဲမှု တွေ ဖြစ်ပွား နေတဲ့ အီဂျစ် နိုင်ငံရေး အခြေအနေကြောင့် မော်စီနဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင် တွေကို စစ်ဆေး နေတဲ့ ရဲ လေ့ကျင့်ရေး ကျောင်းကြီး ပတ်ချာလည်မှာ သံချပ်ကားတွေ၊ စစ်ရဟတ်ယာဉ် တွေနဲ့ လုံခြုံရေး အပြည့်ချ ထားပါတယ်။

မစ္စတာ မော်စီ အာဏာရ နေတဲ့ အချိန်က သူ့ရှေ့က သမ္မတဟောင်း မူဘာရက်ကို စွဲချက်တင် စစ်ဆေး ခဲ့ဖူးသလိုပဲ အခု သူအာဏာမဲ့ပြီး အကျဉ်းစံ နေရချိန်မှာလည်း သူ့ကို အာဏာသိမ်း စစ်တပ်က တင်ထားတဲ့ ကြားဖြတ် အစိုးရက အမှုတွေနဲ့ စစ်ဆေး နေပြန်ပါပြီ။

သူ့ရဲ့ ညီနောင်များ အဖွဲ့ကြီးကိုလည်း အကြမ်းဖက် အဖွဲ့ စာရင်းသွင်းထားပြီး လူစုဝေးခွင့်တွေ ပိတ်ထားတာမို့ သူ့ကို စစ်ဆေးတဲ့ ရုံးအပြင်ဘက်မှာ သူ့ကို ထောက်ခံသူတွေ လာစုဝေးတာ မတွေ့ရပါဘူး။

ဒီနေ့ တရားခွင်မှာ မစ္စတာ မော်စီက တရားသူကြီးက သူ့ကို ဘယ်သူမှန်း သိလားလို့ မေးခွန်းထုတ်ခဲ့သလို သူနဲ့ အတူ ရုံးထုတ်ခံရသူ တွေကလည်း စစ်အစိုးရ ကျဆုံးပါစေလို့ အော်ဟစ် ခဲ့ကြပါတယ်။

ဒီလို စစ်ဆေး စီရင် နေချိန်မှာပဲ မနှစ်က သူ့ကို ဦးဆောင် ဖြုတ်ချ ခဲ့တဲ့ အီဂျစ် စစ်တပ်က ဗိုလ်ချုပ်ကြီး စီစီ က သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်မယ် ဆိုတဲ့ အသံတွေကလည်း အခြေခံ ဥပဒေသစ် ရေးဆွဲ ဆန္ဒ ခံယူပြီးတဲ့ အချိန်မှာ ပိုလို့ ကျယ်လောင် လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ