သဘောကွဲမှုတွေရှိတဲ့ကြားက ထိုင်းရွေးကောက်ပွဲ

ဓာတ်ပုံ မူပိုင် AP
Image caption ရွေးကောက်ပွဲ အတွက် မဲပုံးတွေ ပြင်ဆင်နေပြီ

ထိုင်းနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲအတွက် မကြာခင် နာရီပိုင်း အတွင်း မဲပေးမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။

ဒီလို ရွေးကောက်ပွဲ မကျင်းပနိုင်အောင် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ လအတန်ကြာ ဖြစ်နေတဲ့ ကြားက အစိုးရက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ ရပ်ဂျ်ဒေဝီ အရပ်မှာ ရှိတဲ့ ရွေးကောက်ပွဲ ကော်မတီ ဝန်ထမ်းတယောက်ကတော့ သူတို့ကို ရွေးကောက်ပွဲ ကော်မတီ က ပေးတဲ့ ညွှန်ကြားချက်တွေကိုက ရှင်းရှင်းလင်းလင်း မရှိသေးဘူး ၊ ဒေသန္တရ ရွေးကောက်ပွဲ ကော်မရှင် အရာရှိက သူ့ကို အိမ်မှာ အဆင်သင့် စောင့်နေဖို့ အရင်က မှာထားခဲ့တာ ဖြစ်ပေမယ့် အခုတော့ မဲရုံကို လာပြီး ဘာလုပ်ရမလဲ ဆိုတာ စောင့်နေရတယ်လို့ဆိုပါတယ်။

မနေ့ကတော့ ဘန်ကောက်မြို့မှာ အစိုးရ ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့တာကြောင့် ပေါက်ကွဲမှုတွေ သေနတ် ပစ်ခတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

လူစည်ကားတဲ့ လမ်းဆုံတခုမှာ နှစ်ဖက် အုပ်စုတွေက သေနတ်သမားတွေ အပြန်အလှန် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူခြောက်ယောက် ဒဏ်ရာရသွားခဲ့သပြီး လမ်းသွားလမ်းလာတွေလည်း ဘေးလွတ်ရာကို ပြေးခဲ့ကြရပါတယ်။

ထိုင်းမှာ အဓိက အတိုက်အခံ ပါတီက ဒီရွေးကောက်ပွဲကို သပိတ်မှောက်ထားပြီး ရွေးကောက်တင်မြှောက်ထားတာ မဟုတ်တဲ့ ကော်မတီတရပ်က အစိုးရ အဖွဲ့နေရာမှာ အစားထိုးကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အရင် လုပ်ဖို့ တောင်းဆို နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အတိုက်အခံကို ထောက်ခံသူတွေက မဲရုံတွေကို မဲပြား ဖြန့်ဝေမှုတွေ မလုပ်နိုင်အောင် လိုက်တားဖို့ ကြိုးစားနေကြပါတယ်။

ဘန်ကောက်မှာ ရှိတဲ့ ဘီဘီစီ ဝိုင်းတော်သား ဦးဝင်းမြင့် ရဲ့ ကိုယ်တိုင် သွားရောက် သတင်းပေးပို့ချက်အရ သူသွားခဲ့တဲ့ မဲရုံ သုံးလေးခုမှာ မဲရုံမှူးတွေ မရောက်သေးတာ ၊ မဲပြား မဲပုံးတွေ မရောက်သေးတာတွေ တွေ့ရတယ် ၊ တချို့ကျတော့လည်း မဲရုံမှူးတွေ ရောက်နေပေမယ့် မဲပြား မဲပုံးတွေ မရောက်သေးဘဲ တချို့နေရာတွေမှာ ကျတော့ မဲပြား မဲပုံးတွေ ရောက်နေပေမယ့် မဲရုံမှူး မရှိတာကို တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။

အဲလို ဖြစ်ရတာကတော့ လူတွေက လမ်းထိပ်တွေကနေ ပိတ်ဆို့ထားတာကြောင့် ဖြစ်ပြီး ရဲနဲ့ ပုလိပ်တွေက လုံခြုံရေး ယူထားတာလည်း မတွေ့ရဘူးလို့ သူက ဆိုပါတယ်။

သူရောက်ခဲ့တဲ့ နေရာတွေက ဆန္ဒပြတဲ့ နေရာတွေနဲ့ နီးတာကြောင့် အခုလို ဖြစ်တာလို့ ဆိုနိုင်ပြီး မြို့ပြင်မှာတော့ မဲပုံးတွေ ရောက် ပို့ပေးနိုင်လို့ မဲပေးနိုင်ပြီလို့ ကြားသိရကြောင်း သူက ပြောပါတယ်။

နယ်တွေမှာ ဆိုရင်လည်း မဲရုံတွေ ပြင်နေကြပြီး မဲပုံးတွေ ရောက်နေပြီ ဒါကြောင့် ခရိုင် ၆၅ ခုမှာ မဲပေးနိုင်ကြောင်း သိရတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့် စိုးရိမ်မှုတွေကတော့ ရှိနေကြပြီး ဆင်ခြေဖုံး အရပ်မှာဆိုရင် အစိုးရကို ထောက်ခံတဲ့ ရှပ်နီတွေ အားကောင်းတာကြောင့် မဲပေးနိုင်ကြသလို မြို့တွင်းက ဆန္ဒပြမှု ရှိတဲ့ နေရာတွေမှာတော့ ပစ်ခတ်မှုတွေ ရှိလာနိုင်တယ် ဆိုပြီး ထိတ်လန့်မှုတွေ ရှိတယ်လို့ သူက ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေကို မြို့တွင်းမှာ မတွေ့ရဘဲ ပစ်ခတ်မှုတွေက မြို့ပြင်မှာသာ မနေ့က ဖြစ်ခဲ့တာကြောင့် လုံခြုံရေးကို မြို့ပြင်မှာ အလေးထား တာဝန်ယူနေကြတာလည်း ဖြစ်နိုင်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးရင်တောင် အခြေအနေက တည်ငြိမ်လာမယ်လို့ မပြောနိုင်ဘဲ ဆန္ဒပြသမားတွေက သူတို့လိုချင်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်လာအောင် ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆိုနေကြကြောင်းနဲ့ ရွေးကောက်ပွဲ အပြီး လွှတ်တော်ခေါ်ဖို့ လေးငါးခြောက်လ ကြာမှာမို့ ဆန္ဒပြမှုတွေ ဒီအတောအတွင်း ဆက်ရှိသွားနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီကြားထဲက လယ်သမားတွေကလည်း သူတို့ ငွေထုတ်လို့ မရတာကြောင့် ဒီ ဆန္ဒပြမှုတွေကို မကျေမနပ် ဖြစ်လာနေတယ်လို့ သူက ပြောပါတယ်။

လက်ရှိ မြို့တွင်း အခြေအနေကတော့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်နေရမယ့် အစား လူတွေက ပုံမှန် သွားလာနေတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ