ဆန်ဝယ်ယူဖို့ တရုတ် ဖျက်သိမ်း၊ ထိုင်း အထိနာ

ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်း ဆန်ထုတ်လုပ်မှု ပိုလျှံနေ

တရုတ်ပြည်က ထိုင်းဆန် ဝယ်ယူဖို့ ကန်ထရိုက်ကို ဖျက်သိမ်းလိုက်တာဟာ စပါးဖိုး ချေတဲ့ စီမံကိန်းမှာ ခြစားမှုတွေကို စစ်ဆေးနေတာကြောင့် ဖြစ်တယ်လို့ ထိုင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

တရုတ်က ထိုင်းဆီက ဆန်တန်ချိန် ၁.၂ သန်း ဝယ်ဖို့ ကိစ္စကို ခုလို ဖျက်သိမ်းလိုက်တဲ့ အချိန်မှာပဲ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ထိုင်းအစိုးရက လယ်သမား တွေဆီက ဆန်ကို ကမ္ဘာ့ ပေါက်ဈေး ထက် တဆခွဲထိ ပေးဝယ်ခဲ့တာကြောင့် နိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုက ပိုလျှံပြီး စပါး တောင်လိုပုံတဲ့ ကိန်း ဆိုက်နေပါတယ်။

လယ်သမား တဝက်လောက်ဟာ ဒီဆန်တွေကို ထုတ်ရောင်းနိုင်မှသာ ပြီးခဲ့တဲ့ ဝါကျွတ်ချိန်က သူတို့ ရိတ်ခဲ့တဲ့ စပါးဖိုးတွေ ချေနိုင်မှာ ဖြစ်ပါတယ်။

ခုထက်ထိ စပါးဖိုး မရသေးတဲ့ လယ်သမား တချို့ကတော့ လမ်းမတွေ ပိတ်ဆို့ ဆန္ဒပြတဲ့ အထဲမှာ စတင် ပူးပေါင်း နေကြပြီး ဘန်ကောက်ကို ပိတ်ဆို့ ဆန္ဒပြနေတဲ့ အစိုးရ ဆန့်ကျင်သူတွေနဲ့ ပေါင်းပစ်မယ်လို့ ခြိမ်းခြောက် နေကြပြီ ဖြစ်ပါတယ်။

ဒီလို ငွေချေဖို့ နှောင့်နှေးနေရမှုဟာ အစိုးရ ရုံးတွေကို ပိတ်ဆို့ ဆန္ဒပြ နေသူတွေကြောင့်လို့ အစိုးရက အပြစ်ဖို့ နေသလို တဘက်မှာလည်း နောက်လွှတ်တော်သစ် ခေါ်ယူပြီးခါမှ ဒီစပါးဖိုးတွေ ပေးဖို့ အစိုးရက ငွေချေးခွင့် ရမှာလည်း ဖြစ်ပါတယ်။

ဒီစပါး စီမံကိန်းကြောင့်ပဲ ထိုင်းအစိုးရဟာ ကျေးလက်ဒေသက မဲတွေကို နိုင်ငံဘဏ္ဍာနဲ့ ငွေပေး ဝယ်နေတယ် ဆိုပြီး ဆန့်ကျင် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။

လက်ရှိ အာဏာရ ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၅ ဆက်လုံးလုံးမှာ ကျေးလက်ဒေသက ထောက်ခံမှုကို ရယူပြီး နာမည် အမျိုးမျိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် ဒီတခါ ရွေးကောက်ပွဲကို အတိုက်အခံ ဒီမိုကရက် တွေဘက်က သပိတ်မှောက်ပြီး မြို့တော် ဘန်ကောက်က မဲရုံတွေ နှောင့်ယှက် ဟန့်တား ခံခဲ့ရပါတယ်။

ဒီတခါ ရွေးကောက်ပွဲ နိုင်ဦးမယ်လို့ မျှော်လင့်နေတဲ့ မစ် ယင်လတ် ချင်နာဝပ် အစိုးရဟာ ဥပဒေ ကြောင်းအရ စိန်ခေါ်မှုတွေနဲ့အတူ အမတ် အလုံအလောက် မရှိတာတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ