အတိုက်အခံနဲ့ စစ်ပြေငြိမ်းမယ်လို့ ယူကရိန်းသမ္မတပြော

ဓာတ်ပုံ မူပိုင် gv
Image caption ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း ရဲတွေအကြား အခြေအနေတွေ တင်းမာနေဆဲ

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်နဲ့ တခြား နေရာတွေ မှာ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း ရဲတွေအကြား ၂ရက်ကြာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့အပြီးမှာ သမ္မတ ဗစ်တာ ယနူကိုဗစ်က အတိုက်အခံတွေနဲ့ စစ်ပြေငြိမ်းဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း ပြောပါတယ်။

အဓိက အတိုက်အခံ ခေါင်းဆောင် ၃ဦးနဲ့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ သမ္မတ ယနူကိုဗစ်က ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပြီး နောက်ထပ် သွေးထွက်သံယိုမှုတွေ မဖြစ်အောင် တားဆီးဖို့ ရည်ရွယ်တဲ့အနေနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ဖို့ သဘောတူလိုက်ကြကြောင်း ဖေါ်ပြထားပါတယ်။

ကိယက်ဗ်မြို့လယ်မှာ ရှိတဲ့ သပိတ်စခန်းတွေကို ဝင်ရောက် စီးနင်းတာမျိုး မလုပ်ပါဘူးဆိုတာကို သမ္မတ ယနူကိဗစ်က အသေအချာ အာမခံ ပြောသွား ခဲ့တယ်လို့ အဲဒီထဲက အတိုက်အခံခေါင်းဆောင် နှစ်ဦးက ပြောပါတယ်။

ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းရဲတွေ အကြား ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေ တင်းမာနေတဲ့ လွတ်လပ်ရေး ရင်ပြင်နားတဝိုက်မှာတော့ မီးစွဲလောင်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

အကြမ်းဖက်မှုတွေ ရုတ်တရက် စဖြစ်ပွားခဲ့တဲ့ အင်္ဂါနေ့ကတည်းကစပြီး အနည်းဆုံး လူ၂၆ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြပါတယ်။