တပ်အကြီးကဲဟောင်းကို တူရကီ တရားရုံးက ပြန်လွှတ်

ဓာတ်ပုံ မူပိုင် AFP
Image caption စစ်တပ် အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ဘက်ရှ်ဘူ

တူရကီမှာ မနှစ်တုန်းက အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုပြီး ထောင်တသက် ပြစ်ဒဏ်ပေးခံထားရတဲ့ စစ်တပ် အကြီးအကဲဟောင်း Ilker Basbug ကို တရားရုံး အမိန့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီလို ပြန်လွှတ်ပေးတဲ့ အပေါ် မစ္စတာ ဘက်ရှ်ဘူ ရဲ့ ရှေ့နေက ကြိုဆိုလိုက်ပါတယ်။

အခုလို စွပ်စွဲချက်တွေကို မစ္စတာ ဘက်ရှ်ဘူ က အမြဲငြင်းခဲ့ပြီး အဲဒီတုန်းက သူ့နဲ့အတူ တခြား ရာနဲ့ချီတဲ့ စစ်တပ် အရာရှိတွေအပြစ်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ ဘက်ရှ်ဘူရဲ့ အမှုဟာ ဥပဒေရေးရာ အဓိပ္ပါယ်ကောက်လွဲမှားမှုတွေ ရှိနေတယ် ဆိုပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ပြန်လွှတ်ပေးဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြန်လွှတ်ပေးမှုကြောင့် တခြား အလားတူ အမှုတွေကို ပြန်လည် တရားစီရင်နိုင်ဖွယ် ရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။