ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ သမ္မတ Abdullah Gul ပန်ကြား

ဓာတ်ပုံ မူပိုင် bbc
Image caption အပြစ်မဲ့စွာ သေဆုံးသွားတဲ့ လူငယ်လေး Berkin Elvan ရဲ့ ဓါတ်ပုံ ကိုင်ဆောင်ထား

တူရကီမှာ မနှစ်တုန်းက အစိုးရ ဆန့်ကျင် ဆန္ဒပြမှုအတွင်း ရဲတွေနဲ့ ထိပ်တိုက် ဖြစ်ပြီး ဒဏ်ရာရခဲ့တဲ့ ဆယ်ကျော်သက်ရွယ် လူငယ်လေး သေဆုံးသွားတဲ့ အပေါ် တဖက်နဲ့တဖက် အခြေအနေ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ သမ္မတ Abdullah Gul က ပန်ကြားလိုက်ပါတယ်။

အသက် ၁၅နှစ် အရွယ် လူငယ်လေး Berkin Elvan ဟာ အခင်းဖြစ်ချိန်မှာ ပေါင်မုန့်ဝယ်ဖို့ အသွား မျက်ရည်ယိုဗုံး ထိမှန်ခဲ့ပြီး ကိုးလကြာ မေ့မြောနေရာက အခုတော့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အစ္စတန်ဘူးလ်နဲ့ အန်ကာရာ မြို့တွေက အခု နောက်ဆုံး ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာလည်း ရဲက ဆန္ဒပြသမားတွေကို မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေသုံး နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ စုရုံးချီတက် ဆန္ဒပြမှုတွေ လုပ်ဖို့ နိုင်ငံတွင်း အကြီးဆုံး အလုပ်သမား သမဂ္ဂက လူတွေကို ဆော်သြထားပါတယ်။