ယူကရိန်း အရေး ရုရှား စစ်မဖြစ်လို

ဓာတ်ပုံ မူပိုင် v
Image caption ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်

ရုရှားဟာ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး စစ်မက် မဖြစ်စေချင်ပါဘူးလို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ ရုရှား သံအမတ်က ပြောပါတယ်။

ယူကရိန်း ယာယီ ဝန်ကြီးချုပ် Arseniy Yatsenyuk က ယူကရိန်း လက်အောက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်းမီးယား ကနေ ရုရှားတပ်တွေ ဆုတ်ခွာပေးဖို့ တောင်းဆိုလိုကြောင်း ပြောအပြီးမှာ ရုရှား သံအမတ်ကို အပေါ် တိုက်ရိုက် မေးခွန်းထုတ်ပြန်ခဲ့တဲ့ အပေါ် သူက အခုလို တုန့်ပြန် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ခရိုင်းမီးယားကို ယူကရိန်း လက်အောက်မှာ ဆက်ထားမလား ၊ ရုရှား လက်အောက် ပြောင်းထားမလား ဆိုတာကို လာမယ့် တနင်္ဂနွေနေ့မှာ ဒေသခံတွေက ဆန္ဒမဲပေး ဆုံးဖြတ်ကြတော့မှာ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက Donetsk မြို့မှာ ပြိုင်ဖက် ဆန္ဒပြ အုပ်စုတွေကြား အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး လူတယောက် ဓါးထိုးခံရလို့ သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ရုရှား လိုတားတဲ့ ကြွေးကြော်သံ ဟစ်ကြွေးကာ ရဲ အရံအတားတွေကို ဖြတ်ကျော် ဝင်ရောက်တဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေနဲ့ ခရိုင်းမီးယားကို ရုရှားတပ်တွေ ကျူးကျော်မှုကို ဆန့်ကျင် စုရုံး ဆန္ဒပြသူတွေ ထိပ်တိုက် တွေ့ဆုံတဲ့ အခါ အခုလို အကြမ်းဖက်မှုတွေ စခဲ့တာ ဖြစ်ပါတယ်။

ရုရှား လိုလားတဲ့ ဆန္ဒပြသမားတွေက မီးခိုးဗုံးတွေ ၊ မီးပန်းတွေနဲ့ ပစ်ခဲ့တဲ့ အတွက် တဖက်နဲ့ တဖက် တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့လည်း သိရပါတယ်။

ကီးယက်ဗ် မြို့မှာထက် နိုင်ငံအရှေ့ပိုင်းမှာ ယာယီ အစိုးရကို ထောက်ခံမှုနည်းလာတာကြောင့် တင်းမာမှုတွေ တိုးလာတာလို့ အဲဒီက ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

တချိန်တည်းမှာ ယူကရိန်းမှာ လေ့လာစောင့်ကြည့်ရေး အဖွဲ့ စေလွှတ်ဖို့ အစီအစဉ်ကို ရုရှားဖက်က သဘောတူလိုက်ပြီလို့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OSCE က ပြောပါတယ်။

မကြာသေးခင်တုန်းက အဲဒီအဖွဲ့က ကိုယ်စားလှယ်တွေ ခရိုင်းမီးယားဒေသထဲ ဝင်ဖို့ ကြိုးစားတုန်း သေနတ်ထောက် ခြိမ်းခြောက်လို့ ပြန်လှည့်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါဟာ ရှေ့ဆက်သွားရမယ့် အရေးပါတဲ့ ခြေလှမ်းတရပ်ဘဲလို့ OSCE အဖွဲ့ ဆိုင်ရာ ဆွစ် သံအမတ် Thomas Greminger က ပြောပါတယ်။

ဒီအဖွဲ့ဟာ နိုင်ငံရဲ့ ထောက်ခံမှု ရထားပြီး ယူကရိန်းက ဖြစ်ပျက်မှုတွေကို စုံစမ်းလေ့လာရင်း ပဋိပက္ခ တင်းမာမှုတွေ လျော့ချဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် အခု OSCE လုပ်ဆောင်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးသလို အခု သီတင်းပတ်ကုန် ခရိုင်းမီးယားက လူထုဆန္ဒခံယူပွဲ မတိုင်ခင် ရုရှားက သူတို့ကို အဝင်ခံမှာလား ဆိုတဲ့ ပြောကြားချက်တွေတော့ မရသေးပါဘူး။