အမေရိကန်နဲ့ ရုရှားကြား သဘောထား မတူညီ

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလာရော့ဘ်

ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသ အရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား တို့ကြား သဘောထား ရပ်တည်မှုတွေ မတူညီနိုင်ကြဘဲ ဖြစ်နေပါတယ်။

အမေရိကန်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေ လန်ဒန်မှာ ခြောက်နာရီကြာ ဆွေးနွေးခဲ့ကြပေမယ့်လည်း သူတို့ကြားမှာ ဘုံ ရပ်တည်ချက် တခု မရနိုင်ခဲ့ကြပါဘူး။

ခရိုင်းမီးယားဒေသဟာ ယူကရိန်းအောက်မှာ ဆက်ရှိနေမလား၊ ရုရှ နဲ့ပူးပေါင်းမလားဆိုတာကို မနက်ဖြန် တနင်္ဂနွေနေ့မှာ ဆန္ဒခံယူပွဲလုပ်ပြီးတဲ့အထိ သမ္မတပူတင်အနေနဲ့ ဒီအရေးအတွက် ဘာမှ ဆုံးဖြတ်ဦးမှာ မဟုတ်ဘူးလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ပြောပါတယ်။

အမေရိကန် ဖက်ကတော့ ခရိုင်းမီးယားရဲ့ အထွေထွေ ဆန္ဒခံယူပွဲဟာ ယူကရိန်းဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ရော နိုင်ငံတကာဥပဒေတွေနဲ့ပါ မကိုက်ညီတဲ့အတွက် ရလဒ်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆိုပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရောဗ်ကတော့ သူ့နိုင်ငံအနေနဲ့ ယူကရိန်းရဲ့နယ်မြေတွေကို ကျူးကျော်သိမ်းပိုက်ဖို့ အစီအစဉ်မရှိပါဘူးလို့ ဆိုနေပါတယ်။

ခရိုင်းမီးယား ဒေသမှာရှိနေတဲ့ ရုရှလူမျိုးတွေရဲ့ လုံခြုံရေးအတွက် သူတို့က စိုးရိမ်တယ်လို့ ရုရှား ဖက်ကဆိုပါတယ်။

မနက်ဖြန် တနင်္ဂနွေမှာပြုလုပ်မယ့် ခရိုင်းမီးယားဒေသ ရှေ့ရေးနဲ့ပတ်သက်တဲ့ ဆန္ဒခံယူပွဲ ကို ကမ္ဘာကအသိအမှတ်မပြုဖို့ အမေရိကန် တို့က မူကြမ်းရေးထားတဲ့ ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီကနေ့ မဲခွဲကြဖို့ ရှိနေပါတယ်။

ဒီဆုံးဖြတ် ချက်ကို ရုရှား နိုင်ငံက ဗီတိုအာဏာသုံးပြီး ပယ်ချဖို့ အလားအလာရှိပေမယ့် တရုတ်နိုင်ငံကတော့ ထောက်ခံရင် ထောက်ခံ ဒါမှ မဟုတ်ရင်လည်း ကြားနေလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဘီဘီစီ ကုလသမဂ္ဂရေးရာ သတင်းထောက် Nick Bryant က ပြောပါတယ်။

အဲဒီလိုဖြစ်လာရင် ရုရှားအနေနဲ့ ဒီကိစ္စမှာ သံတမန်ရေးအရ ထောက်ခံသူ မရှိဘူးဆိုတာ ထင်ရှားလာလိမ့်မယ် လို့ သုံးသပ်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ