အပိုင်းအစ ၁၂၀လောက် တွေ့ရတယ်လို့ မလေးရှားဆို

ဓာတ်ပုံ မူပိုင် AP
Image caption ဂြိုဟ်တု ဓာတ်ပုံအရ လေယာဉ် အပျက်အစီးတွေ ဖြစ်နိုင်ဟု ယူဆနိုင်

ဂြိုဟ်တုက ရရှိတဲ့ ပုံရိပ် အသစ်တွေအရ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အပိုင်းအစ တစ်ရာ့ နှစ်ဆယ်လောက်ကို အိန္ဒိယ သမုဒ္ဓရာ တောင်ပိုင်းမှာ တွေ့ရတယ်လို့ မလေးရှား နိုင်ငံက ပြောပါတယ်။

ပြင်သစ်နိုင်ငံက ထုတ်ပြန်တဲ့ ပုံရိပ်တွေအရ အချို့ အရာတွေဟာ ၂၄ မီတာကျော် ရှည်လျားတာ တွေ့ရပါတယ်။

အဲဒီ ပစ္စည်းတွေ အားလုံးကို မြို့တစ်မြို့စာ အကျယ်အဝန်းလောက်မှာ မျောနေတာ တွေ့ရတာပါ။

ရာသီဥတု ဆိုးရွာမှုကြောင့် ရှာဖွေမှုတွေ ရပ်နားခဲ့ရပြီးနောက် အခုအခါ လေယာဉ်ပျောက် ရှာဖွေရေးတွေ ပြန်စတင်ခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott ကတော့ လေယာဉ်ရဲ့ အပိုင်းအစ တစ်ခုမှ ရှာလို့ မတွေ့နိုင်တော့တဲ့၊ မျှော်လင့်ချက် မရှိတော့တဲ့ အခြေအနေအထိ ရှာဖွေရေးတွေ ဆက်လုပ်မယ်လို့ ပြောပါတယ်။

အခုချိန်အထိတော့ လွန်ခဲ့တဲ့ သီတင်း ၂ပတ်ကျော် ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစ ဘာတစ်ခုကိုမှ ရှာလို့ မတွေ့သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ