အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အိမ်ပြန်မယ့်အစား ပါရီကိုသွား

ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ အရှေ့အလယ်ပိုင်း ခရီးစဉ် ကနေ အိမ်ပြန်မယ့် အစား ချက်ခြင်း ဆိုသလို ဒီနေ့ တနဂနွေနေ့မှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာဗ်ရော့ဗ်နဲ့ တွေ့ဖို့ အတွက် ပါရီမြို့ကို ထွက်ခွာသွား ပါတယ်။

ယူကရိန်း နယ်စပ်မှာ ရုရှားက စစ်ရေး အင်အား တည်ဆောက်မှုတွေကို ရပ်ဖို့ အပါအဝင် ယူကရိန်း ပြဿနာ အဆုံးသတ်ရေး အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် နိုင်ငံခြားရေး ဝန်ကြီးနှစ်ယောက် ဆွေးနွေးကြဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရုရှား သမ္မတ ပူတင် ဖက်ကနေ အမေရိကန် သမ္မတ အိုဘားမား ဆီ ဖုန်းဆက်ပြီး သမ္မတ နှစ်ယောက်ရဲ့ ဖုန်းပေါ်က တနာရီကြာ ဆွေးနွေးခဲ့တဲ့နောက်ပိုင်းမှာ အခုလို ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မနေ့ စနေနေ့ အစောပိုင်းတုန်းကတော့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာဗ်ရော့ဗ် က ယူကရိန်း နယ်စပ်ကို ရုရှားတပ်တွေ စေလွှတ်ဖို့ ရည်ရွက်ချက် လုံးဝ လုံးဝ ကို မရှိပါဘူး ဒါပေမယ့် အဲဒီဒေသက ရုရှား စကားပြောသူတွေကို အကာအကွယ်ပေး ပိုင်ခွင့် သူတို့မှာ ရှိတယ်လို့ ပြောပါတယ်။