ကလေးများ အိမ်ထောင်ချခံရခြင်းက လွတ်မြောက်ရေးဇုန် ထူထောင်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်းနဲ့ မိန်းကလေး ပညာသင်ကြားခွင့်ရရေး လှုပ်ရှားသူ မာလာလာ

ပါကစ္စတန် နိုင်ငံမှာ မိန်းမငယ်လေးတွေကို အတင်းအကျပ် အိမ်ထောင်ချပေးတာကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ရှေ့ပြေး စီမံကိန်း တရပ်ကို ပညာရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် ဂေါ်ဒွန် ဘရောင်းက ကြေညာခဲ့ပါတယ်။

အစ္စလာမ် မာဘတ်မြို့မှာ ပြောကြားရာမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဘရောင်းက အရွယ်မတိုင်ခင် အိမ်ထောင်ချခံရတာကို ကျောင်းဆရာ ဆရာမတွေနဲ့ မိန်းကလေးတွေ ပူးပေါင်း တိုက်ဖျက်ဖို့ ကလေးငယ်များ ထိမ်းမြားလက်ထပ်ဖို့ စီစဉ်ခံရခြင်းက လွတ်မြောက်ရေး ဇုန် ထူထောင်မယ်လို့ ဆိုပါတယ်။

အဲဒီအတွက် ငွေကြေး ထောက်ပံ့ပေးမယ်လို့ သူက ပြောပြီး မိန်းမငယ်လေးတွေကို ပညာသင်ကြားမှု ရပ်ဆိုင်းကာ အတင်းအဓမ္မ အိမ်ထောင်ချပေးတာ ခေတ်သစ် ကမ္ဘာမှာ လက်မခံနိုင်စရာဘဲလို့ ဆိုပါတယ်။

ပါကစ္စတန်မှာ ကလေးတွေ ပညာသင်ကြားခွင့် ပိုမို ရရှိစေဖို့ ကုလသမဂ္ဂက ဒေါ်လာ သန်းဆယ်သန်းနဲ့ ဥရောပ သမဂ္ဂ က ရှစ်ဆယ့်သုံးသန်း ဒေါ်လာ ထောက်ပံ့သွားမှာလို့ မစ္စတာ ဘရောင်းက ပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်စ် ရှာရစ်ဖ် ကလည်း မိန်းကလေးတွေ ပညာသင်ကြားခွင့်ရရေး ဦးစားပေး အစီအစဉ်တွေကို သူထောက်ခံတယ်လို့ ဆိုပါတယ်။