ရုရှနဲ့ စစ်ဖက် အရပ်ဖက် ပူးပေါင်းမှု ရပ်ဆိုင်းဖို့ နေတိုးသဘောတူ

ဓာတ်ပုံ မူပိုင် Reuters
Image caption နေတိုး အတွင်းရေးမှူးချုပ် အန်ဒါးစ်ဖို့ဂ် ရပ်စ်မူဆန်

နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ရုရှနဲ့ စစ်ဖက် အရပ်ဖက် ပူးပေါင်း ဆောင်ရွက်နေတာတွေ အားလုံးကို ရပ်ဆိုင်းထားဖို့ သဘောတူလိုက်ကြပါတယ်။

နေတိုး အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ရုရှတို့က ခရိုင်မီးယားကို သူတို့နိုင်ငံရဲ့ ဒေသတခုအဖြစ် သတ်မှတ်ခဲ့ဟာ အခုမျိုးဆက်တခုအတွင်း ဥရောပလုံခြုံရေကို အဆိုးရွားဆုံး ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နောက်ပြီး ရုရှနဲ့ ဆက်ဆံရေးတွေဟာ အရင်လိုပုံမှန် မဖြစ်တော့ဘူးလို့ သူက ဆိုပါတယ်။

ရုရှအစိုးရဟာ လောလောဆယ်ရက်တွေအတွင်း ယူကရိန်းအရှေ့ပိုင်း ရုရှနယ်စပ်မှာ တပ်ဖွဲ့ဝင် သုံးသောင်းငါးထောင်ကနေ ၅ သောင်း လောက်အထိ ပို့ထားတယ်လို့ ယူဆရပြီး ဒါကြောင့် ယူကရိန်နဲ့ အနောက်နိုင်ငံတွေက သတိထားတဲ့ အနေအထားကို ဖြစ်စေခဲ့ပါတယ်။

ရုရှတို့ကတော့ စစ်ရေးလေ့ကျင့်တာလို့ပြောပေမယ့် လေ့ကျင် မတွေ့ရသလောက် ဖြစ်ပြီး တပ်ဖြန့်ချပြီး အမိန်စောင့်နေကြတဲ့ ပုံပေါ်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျိုနသန်မားကပ်စ်က ပြောပါတယ်။

နေတိုးအတွင်းရေးမှူးချုပ်က နေတိုးအဖွဲ့ဝင် အရှေ့ဥရောပနိုင်ငံတွေမှာ နေတိုးတပ်ဖွဲ့တွေ ဖြန့်ချထားတာကို ပြန်သုံးသပ်ဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

မဟာမိတ်နိုင်ငံတွေရဲ့ အရှေ့ပိုင်းနယ်စပ်တွေမှာ ရှိနေပြီးသားနေတိုးတပ်ဖွဲ့တွေကို စောစောပိုင်းကတည်းက အားဖြည့်ထားခဲ့ပြီးသားပါ၊ ပိုလန်နဲ့ ရိုမီးနီးယားနိုင်ငံတွေအပေါ်မှာ အေဝက်စ် ထောက်လှမ်းရေးလေယာဉ်တွေ ကင်းလှည့်နေပါတယ်။

ဘောလတစ်နိုင်ငံတွေမှာ နေတိုးတိုက်လေယာဉ်တွေ ၂ ဆကျော်တိုးချထားပါတယ်။

အမေရိကန်နဲ့ ဥရောပ မဟာမိတ်နိုင်ငံအများအပြားက နောက်ထပ်လေယာဉ်တွေ ထပ်တိုးပေးဖို့ နဲ့ လေထဲမှာ ဆီဖြည့်နိုင်တဲ့ လေယာဉ်ကြီးတွေ နဲ့ တခြား လိုအပ်တာတွေ ကမ်းလှမ်းခဲ့ကြတာကို ကျေးဇူးတင်ပါတယ်။

အခုလို အချိန်မှာ တစုတစည်းတည်းရှိတယ်ဆိုတာကို ပြသခဲ့ကြတဲ့အတွက် ကြိုဆိုပါတယ်လို့ နေတိုးအတွင်းရေးမှူးချုပ်က ပြောခဲ့ပါတယ်။

မဟာမိတ်နိုင်ငံတွေအပေါ် ကျူးကျော်မယ့် အန္တရာယ်မှန်သမျှ စုပေါင်းကာကွယ်တားဆီးနိုင်ရေး အရင်ကထက်ပို ဆောင်ရွက်ကြဖို့ တပ်မှုးတွေကိုလည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

စစ်ရေးအစီအစဉ်တွေ လေ့ကျင်မှုတွေနဲ့ သင့်တော်တဲ့ တပ်ဖြန့်ချမှုတွေကို အချိန်နဲ့တပြေးညီ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ယူကရိန်နိုင်ငံရဲ့ ကာကွယ်ရေးစနစ်ကို ပြင်ဆင်ပြောင်းလဲဖို့ အပြင်အထန်ကြိုးစားသွားမယ်လို့ ပြောခဲ့ပြီး ယူကရိန်းတပ်ဖွဲ့တွေကို စစ်တပ် ပိုပီသတဲ့ ပိုကောင်းတဲ့ ပိုထိရောက်တဲ့ တပ်တွေ ဖြစ်အောင် အခြေခံက စပြီး ကူညီပံ့ပိုသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီအတောအတွင်း ယူကရိန်မြေပေါ်မှာ နေတိုးတပ်တွေ တခြားနိုင်ငံက တပ်တွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင်မှာကို ယူကရိန်ပါလီမန်မှာ မဲပေးအတည်ပြုခဲ့ကြပါတယ်။