အရှေ့ပိုင်းကို အာဏာတိုးပေးဖို့ ယူကရိန်း ပြော

ဓာတ်ပုံ မူပိုင် AFP
Image caption ယာယီ ဝန်ကြီးချုပ် ဒွန်းညက်မြို့မှာ သတင်းစာ ရှင်းလင်းစဉ်။

ယူကရိန်း ယာယီ ဝန်ကြီးချုပ် အာဆေးနီ ယက်ဆန်ညုဟာ ဒီကနေ့မှာ ပြဿနာ တက်နေတဲ့ နိုင်ငံ အရှေ့ပိုင်းက ဒေသတွေဆီကို သွားရောက်ခဲ့ပြီး အဲဒီဒေသတွေကို အရင်ကထက် လုပ်ပိုင်ခွင့် အာဏာတွေ ပိုမို အပ်နှင်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒွန်နက်စ်မြို့ကို ရောက်နေတုန်းမှာ သူက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရ ရုံးတွေကို သိမ်းပိုက်ထားသူတွေဟာ လက်နက်ချပြီး အဆောက်အဦးတွေထဲက ထွက်ပေးရမယ်လို့ သူက ပြောပါတယ်။

ဒေသ အာဏာပိုင်တွေကို ဘယ်လောက် အတိုင်းအတာအထိ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ကိုင်တွယ် ဆောင်ရွက်ခွင့် ပေးမလဲ ဆိုတာကိုတော့ သူက ထည့်သွင်း ပြောကြားခြင်း မရှိပါဘူး။

သူ့ရဲ့ ကမ်းလှမ်းမှုဟာ ခွဲထွက်ခွင့် တောင်းဆိုနေသူတွေကို ကျေနပ် နှစ်သိမ့်စေနိုင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ