နစ်မြုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေး ခရီးမတွင်

S Korean ferry ဓာတ်ပုံ မူပိုင် Getty
Image caption ရေငုပ်သမားတွေ ဆင်းရှာပေမယ့် အထဲကို ဝင်လို့မရ

ဗုဒ္ဓဟူးနေ့က နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား ခရီးသည်တင် သင်္ဘောရဲ့ ကပ္ပတိန်ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ပေးပါလို့ တရားစွဲအရာရှိတွေက တရားရုံးကို တောင်းဆိုလိုက်ပါတယ်။

သင်္ဘောအမှုထမ်း နောက်နှစ်ယောက် ကိုလည်း ဖမ်းဝရမ်း ထုတ်ပေးဖို့ တောင်းဆိုထား ပါတယ်။ တရားစွဲ အရာရှိ Park Jae-eok က သူတို့ စစ်ဆေးချက် တွေအရ ကပ္ပတိန်ဟာ သင်္ဘော မှောက်တုန်းက ပဲ့ကိုင် နေရာမှာ မရှိပဲ သင်္ဘော ပဲ့ကို အငယ်တန်း အရာရှိ တယောက်က ကိုင်ထားကြောင်း စစ်ဆေးတွေ့ရတယ်လို့ ပြောပါတယ်။

ပျောက်နေသေးတဲ့ ခရီးသည် ၂၇၀ ကျော်ကို ရေငုပ်သမားတွေနဲ့ ဆက်ရှာဖွေ နေပေမယ့် အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

ရေငုပ်သမားတွေဟာ သင်္ဘောရဲ့ ကုန်တင်ခန်းအထိ သွားနိုင်ခဲ့ပေမယ့် ရှေ့ဆက်တိုးလို့ မရခဲ့ဘူးလို့ ဆိုပါတယ်။

ရေအောက်မှာ ရေက သိတ်နောက်နေတဲ့အတွက် ရှေ့မှာ ဘာရှိတယ် ဆိုတာ မမြင်ရပဲ လက်နဲ့ပဲ စမ်းသွားနေရတယ်လို့ ရေငုပ်သမား တယောက်က ပြောပါတယ်။

အခုအထိ သေဆုံးသူပေါင်း ၂၈ ယောက်ရှိပြီ ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

ပျောက်နေတဲ့ အထဲမှာ လေ့လာရေးခရီး ထွက်လာတဲ့ အထက်တန်း ကျောင်းသား ကျောင်းသူတွေ အများစု ပါပါတယ်။

သင်္ဘောနစ်တုန်းက ပါခဲ့ပေမယ့် အသက်ရှင် ကျန်ရစ်ခဲ့တဲ့ သူတို့ ကျောင်းက ဒုတိယကျောင်းအုပ်ကတော့ မိသားစုတွေ လာပြီး စောင့်ဆိုင်းနေရာ အဆောက်အဦ အပြင်ဖက်မှာ သောကြာနေ့က ကြိုးဆွဲချ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။

သူဟာ လေ့လာရေးအဖွဲ့ ခေါင်းဆောင် အဖြစ် လိုက်ပါလာခဲ့ပြီး အခု ကလေးတွေ အများကြီး အသက်ဆုံးရတဲ့ ကိစ္စအတွက် သူ့မှာလဲ တာဝန်မကင်းဘူးလို့ ခံစားရတဲ့ အတွက် သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာလို့ စာရေးထားခဲ့တဲ့ အကြောင်းရဲတွေက ပြောပါတယ်။