ယူကရိန်း အရေး သဘောတူချက်ရ

ဓာတ်ပုံ မူပိုင် AP
Image caption ဒီဆွေးနွေးမှုဟာ အောင်မြင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry ပြော

ယူကရိန်းနိုင်ငံမှာ တင်းမာမှုတွေ လျော့ကျ သွားစေရေး အတွက် ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ဆွေးနွေးညှိနှိုင်းမှုတခုအတွင်း သဘောတူချက် ရသွားပြီ ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေး ညှိနှိုင်းမှုအတွင်း ရုရှား၊ ယူကရိန်း၊ ဥရောပ သမဂ္ဂနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေက ယူကရိန်းနိုင်ငံမှာ ရှိတဲ့ တရားမဝင် လက်နက်ကိုင် စစ်အုပ်စုတွေအားလုံး ဖျက်သိမ်းပြီး လက်နက်တွေ ဖြုတ်ကြဖို့နဲ့ သိမ်းပိုက်ထားတဲ့ အစိုးရ အဆောက်အအုံတွေထဲကနေ ထွက်ခွာကြဖို့ လိုကြောင်း သဘောတူခဲ့ကြပါတယ်။

ဒီအချက်တွေကို လိုက်နာ ဆောင်ရွက်သူတွေအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရမှာ ဖြစ်ပြီး မဟုတ်ရင်တော့ သေဒဏ် ချမှတ်ခံရမယ်လို့ ပူးတွဲ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အခု သဘောတူခဲ့တဲ့ အချက်တွေကို အကောင်အထည် ဖေါ်ရေးမှာ OSCE ဥရောပ လုံခြုံရေး အဖွဲ့က ကူညီ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အဲန်ဒရီး ဒက်ရှ်ချက်ဆီယာ က ယူကရိန်းအစိုးရအနေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေ အပါအဝင် အခြေခံ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ရုရှားနဲ့ သဘောကွဲလွဲခဲ့ပေမယ့် ဒီ သဘောတူချက်ကိုတော့ မားမားမတ်မတ် ထောက်ခံကြောင်း ပြောသွားပါတယ်။

တခါ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီက ဒီ ဆွေးနွေးညှိနှိုင်းမှုဟာ အောင်မြင်တဲ့ ဆောင်ရွက်ချက်တခုအဖြစ် ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် နာရီပိုင်းအကြာမှာတော့ သမ္မတ အိုဘားမားက ရုရှားတို့ဘက်က လိုက်လျောမယ်လို့ ပြောထားတာတွေကို ဆက်လုပ်မလုပ် ဆိုတာနဲ့ ပတ်သက်လို့ သံသယ ဖြစ်မိကြောင်း ထုတ်ဖေါ်ပြောသွားပါတယ်။

ရုရှားအစိုးရဘက်က ဒီသဘောတူချက်ကိုဖေါက်ဖျက်ခဲ့မယ် ဆိုရင် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်လုပ်နိုင်ရေးအတွက် အစီအစဉ်တခုကို ဥရောပ နိုင်ငံခေါင်းဆောင်တွေနဲ့အတူ သူရေးဆွဲမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အခုလို နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ ရုရှားတို့ဘက်က ဘာတုန့်ပြန် ပြောဆိုမှုမျိုးမှ မရှိသေးပါဘူး။

ဒါပေမယ့် လက်ရှိ ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုတော့ လူသိရှင်ကြား ပျက်ရယ် ပြုခဲ့ပြီး ဒီ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ထိရောက်မှု မရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလို့ ဆိုပါတယ်။