တရုတ်မြေ ၂၀ ရာခိုင်နှုန်း ညစ်ညမ်းနေ

china_pollution ဓာတ်ပုံ မူပိုင် AFP
Image caption ဘေဂျင်း က ညစ်ညမ်းနေတဲ့ မြေတွေ

တရုတ်နိုင်ငံရဲ့ မြေဧရိယာ စုစုပေါင်းရဲ့ ငါးပုံ တပုံ လောက်ဟာ ဓာတုပစ္စည်းတွေ စိမ့်ဝင်ပြီး ညစ်ညမ်းနေပါပြီ။

၂၀၀၅ ခုနှစ် ကနေ ၂၀၁၃ ခုနှစ် အထိ တရုတ်အစိုးရက သုတသနပြု စစ်တမ်းယူခဲ့ရာမှာ တရုတ်ရဲ့ မြေဧရိယာ ၁၆ ဒဿမ ၁ ရာခိုင်နှုန်း၊ စိုက်ပျိုးနိုင်တဲ့ မြေဧရိယာ ၁၉ ဒဿမ ၄ ရာခိုင်နှုန်းလောက် ဟာ ညစ်ညမ်းနေပြီဆိုတာ ကိုတွေ့ရှိလိုက်ရပါတယ်။

အများဆုံးညစ်ညမ်းနေတဲ့ ဓာတု ပစ္စည်းတွေ ကတော့ ကက်ဒမီးယန်း၊ နစ်ကယ် နဲ့ အာဆင်းနစ် တွေ ပဲလို့ တရုတ်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်တဲ့ အဲဒီ အစီရင်ခံစာ မှာ ရေးထားပါတယ်။

သုတေသီတွေဟာ တရုတ်နိုင်ငံ ဧရိယာ ၃ပုံ၂ပုံလောက် ကျယ်ပြန့်တဲ့ နေရာ အသီးသီး ကနေ မြေသား နမူနာ တွေ ကို ယူပြီး စစ်ဆေးကြည့်ခဲ့ကြပါတယ်။

အလျင်အမြန်တိုးလာတဲ့ ကုန်ထုတ်လုပ်ငန်းတွေ နဲ့ ညစ်ညမ်း ပစ္စည်းတွေ ထုတ်လွှတ် တာ က သိပ်များတဲ့အတွက် အခုလို မြေဆီညစ်ညမ်းတဲ့ အရေး က အကြီးအမား ဖြစ်ရတာလို့ သုတေသီတွေ က သုံးသပ်ထားပါတယ်။

ညစ်ညမ်းမှုပမာဏ ကတော့ တနေရာ နဲ့တနေရာ မတူပါဘူး။

ညစ်ညမ်းတာအဆိုးဆုံးနေရာတွေ ကတော့ အဓိက စက်မှုဇုံ နေရာ ၃ နေရာမှာ ပါ။

အဲဒီနေရာတွေ ကတော့ နိုင်ငံအရှေ့ပိုင်း က ယန်ဇီ မြစ်ဝှမ်း၊ တောင်ပိုင်းက ပုလဲ မြစ်ဝှမ်း နဲ့ တခါက စက်မှုဇုံ အကြီးအမား တည်ထောင်ခဲ့တဲ့ နိုင်ငံအနောက်မြောက်ပိုင်း က နေရာတွေ မှာ ဖြစ်ပါတယ်။

တရုတ်အစိုးရ ကကော တရုတ်ပြည်သူတွေကပါ ပြန်လည်ပြုပြင်လို့ မရတော့တဲ့ ဒီ ပတ်ဝန်းကျင်ညစ်ညမ်းလာတဲ့အရေး နဲ့ ပတ်သက်ပြီး စိုးရိမ်တာတွေ ပိုပိုများလာနေပါတယ်။

တရုတ် ဗဟိုအစိုးရကတော့ သဘာဝပတ်ဝန်းကျင် အရေးကို ထိပ်တန်း အရေးတကြီး ကိုင်တွယ်ရမယ့် အရေးလို့ သတ်မှတ်ထားပြီး သူတို့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှာ ပါလို့ ကတိပြုထားပေမယ့် ဒေသခံ အာဏာပိုင်တွေ ရဲ့ အဂတိလိုက်စားတာတွေ၊ လျော့လျဲတဲ့ စည်းမျဉ်းတွေကြောင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ့် အရေး မှာ စိမ်ခေါ်မှုတွေ အများကြီး ရှိတယ် လို့ သုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ