တောင်ကိုရီးယား သင်္ဘောပျက်ကနေ အလောင်းတွေ ထပ်တွေ့

Image caption ရှာဖွေကယ်ဆယ်မှုတွေ နှေးလို့ ဒေါသ ထွက်နေတဲ့ ကျန်ရစ်သူ မိသားစုတွေ

ဗုဒ္ဓဟူးနေ့က တိမ်းမှောက် နစ်မြုပ်သွားခဲ့တဲ့ တောင်ကိုးရီးယား ခရီးသည်တင် သင်္ဘောရဲ့ ကိုယ်ထည်အတွင်းထဲ ပထမဆုံး အကြိမ် ရေငုပ်သမားတွေ ဝင်ရောက်သွားနိုင်ခဲ့အပြီးမှာ သေဆုံးသူတွေရဲ့ အရေအတွက် စာရင်းတွေ တဖြည်းဖြည်း အတည်ပြု တိုးလာနေပါတယ်။

ပြင်းထန်တဲ့ လှိုင်းလုံးတွေနဲ့ မြူမှုန်တွေ ကြားကနေ သေဆုံးသူ ရုပ်အလောင်းတွေကို ရေငုပ်သမားတွေက ခဲခဲယဉ်းယဉ်း ရှာဖွေ သယ်ထုတ်နေရာမှာ အခုအခါ ရုပ်အလောင်း ၆၀နီးပါးလောက် ထပ်တွေ့ခဲ့ပါတယ်။

ကျောင်းသားလေးတွေ အများစု ပါတဲ့ ခရီးသည် ၂၅၀ လောက်ကတော့ ခုချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ နှေးကွေးတယ် ဆိုပြီး အမျက်ဒေါသ ထွက်နေကြတဲ့ ကျန်ရစ်သူ မိသားစုဝင်တွေက သေဆုံးသူ ရုပ်အလောင်းတွေကို အမြန်ဆုံး ရှာပေးဖို့ တောင်းဆိုနေကြပါတယ်။

သင်္ဘော ကက်ပတိန်ကိုတော့ အခုအခါ ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။

သင်္ဘောပေါ်ကနေ ခရီးသည်တွေ စွန့်ခွာသင့်မသင့် အပြီးသတ် ဆုံးဖြတ်ချက် ချဖို့ ကမ်းခြေစောင့်တွေက သင်္ဘော ကက်ပတိန်ကို ပြောခဲ့တယ်လို့ သိရပါတယ်။