ပါလက်စတိုင်းနဲ့ ဆွေးနွေးမှုတွေ အစ္စရေး ရပ်ဆိုင်း

ဓာတ်ပုံ မူပိုင် AP
Image caption ဟားမာ့စ်နဲ့ ပေါင်းဖို့ ပါလက်စတိုင်း သမ္မတရဲ့ ဆုံးဖြတ်ချက် မှားတယ်လို့ အစ္စရေး ဝန်ကြီးချုပ်ပြော

အစ္စရေး အစိုးရက ပါလက်စတိုင်း အာဏာပိုင် တွေအနေနဲ့ ဟားမာ့စ် လက်နက်ကိုင် အဖွဲ့နဲ့ ပူးပေါင်းဖို့ သဘောတူချက်ကို ပြန်ရုတ်သိမ်း မယ် ဆိုမှသာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်မယ် လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဖာတာအဖွဲ့နဲ့ ဟားမာ့စ် လက်နက်ကိုင် အဖွဲ့တို့ ပေါင်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ သဘောတူခဲ့ အပြီးမှာ အစ္စရေး အစိုးရက ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ပါလက်စတိုင်း သမ္မတ မာမွဒ် အဘာ့စ်ရဲ့ ဆုံးဖြတ်ချက် အမှားကြီး မှားသွားပြီ ဖြစ်ကြောင်းနဲ့ မာမွဒ် အဘာ့စ်ဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေး ယူရမယ့်အစား အစ္စရေးနိုင်ငံကို ဖျက်ဆီးဖို့ သံန္နိဋ္ဌာန် ချထားတဲ့ ဟားမာ့စ် အဖွဲ့လို အကြမ်းဖက် အဖွဲ့အစည်းမျိုးနဲ့ ငြိမ်းချမ်းရေး သဘောတူဖို့ ရွေးခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘန်ညာမင် နက်တာညာဟု က ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းတခုမှာ ပြောသွားပါတယ်။

ဒီအတောအတွင်းမှာပဲ ပါလက်စတိုင်း အစိုးရက တကယ်လို့သာ အစ္စရေး အစိုးရဘက်က သိမ်းပိုက်နယ်မြေပေါ်က ဂျူးအခြေစိုက် အိမ်ယာတွေ အပြီးတိုင် ဖျက်သိမ်းပေးရေး အပါအဝင် သူတို့ တောင်းဆိုထားတဲ့ သတ်မှတ်ချက်တွေကို လက်ခံမယ် ဆိုရင်တော့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဖို့ သူတို့ သဘောတူမယ်လို့ ပြောကြားလိုက်ပါတယ်။

အမေရိကန် အစိုးရကတော့ အချင်းချင်း ပြေလည်အောင် လိုက်လျောမှုတွေ လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါပေမယ့်လည်း နှစ်ဘက်စလုံးအနေနဲ့ သူတို့ ရပ်တည်ချက်အတိုင်း ဆက်သွားမယ် ဆိုရင်တော့ အမေရိကန် ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေ မအောင်မမြင် ဖြစ်သွားလိမ့်မယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။