ဇင်ဘာဘွေ အတိုက်အခံ ပါတီရဲ့ အပြောင်းအလဲ

morgan_tsvangirai_ ဓာတ်ပုံ မူပိုင် AFP
Image caption ဇင်ဘာဘွေ အတိုက်အခံ ခေါင်းဆောင် မော်ဂန် ချန်ဂရိုင်း

ဇင်ဘာဘွေနိုင်ငံ က အတိုက်အခံ အင်အားစု ဖြစ်တဲ့၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လှုပ်ရှားမှု အဖွဲ့ MDC ဟာ၊ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မော်ဂန် ချန်ဂရိုင်း ကို၊ ဒီမိုကရေစီနည်းကျတဲ့ မူဝါဒတွေ ကနေ သွေဖီလာပြီး၊ ခေါင်းဆောင်မှု ပေးရာမှာ အလွန် မအောင်မမြင် ဖြစ်ခဲ့တဲ့အတွက် လို့ ဆိုကာ၊ ခေါင်းဆောင် နေရာကနေ ဆိုင်းငံ့လိုက်တယ် လို့ ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာ ချန်ဂရိုင်း ဟာ၊ MDC ပါတီကို သူ့ရဲ့ ပုဂ္ဂလိက ထိမ်းချူပ်မှု အောက်က အဖွဲ့အစည်း အသွင် ဆောင်စေခဲ့ ပြီး၊ လက်ရှိ သမ္မတ Robert Mugabe ရဲ့ အုပ်စိုးမှု အောက်ကနေ၊ ဇင်ဘာဘွေနိုင်ငံ တကယ် လွတ်မြောက်ဖို့ရာ နည်းလမ်းကို မဖော်ဆောင် ပေးနိုင်ခဲ့ဘူး ဆိုပြီး၊ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ရေးသား ထားပါတယ်။

ညီညွတ်သော ဇင်ဘာဘွေ အစိုးရ အဖြစ်၊ သမ္မတ Mugabe ရဲ့ အစိုးရ အဖွဲ့ထဲ မစ္စတာ ချန်ဂရိုင်း ဟာ ၀န်ကြီးချူပ် အဖြစ် ဆောင်ရွက် ခဲ့ပြီးတဲ့နောက်၊ မနှစ်က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Mugabe နဲ့ ယှဉ်ပြိုင် အရွေးခံခဲ့ပေမယ့်၊ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီလို မစ္စတာ ချန်ဂရိုင်းကို ခေါင်းဆောင်နေရာက ဆိုင်းငံ့လိုက်မှုဟာ၊ MDC ပါတီ အတွင်း ကွဲပြားမှုတွေ ဖြစ်ပေါ် လာစေနိုင်ပြီး၊ သမ္မတ Mugabe ပဲ အာဏာ ဆက်လက် ဆုပ်ကိုင် နိုင်ဖို့၊ အားကောင်း လာလိမ့်မယ် ဆိုပြီး၊ ဇင်ဘာဘွေမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က သုံးသပ်ပါတယ်။

MDC ပါတီကို တည်ထောင် ခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပြီး၊ သမ္မတ Mugabe နဲ့ ပူးပေါင်း ဖွဲ့စည်းခဲ့တဲ့ အစိုးရအတွင်းမှာ ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ DAVID COLTART က၊ မစ္စတာ ချန်ဂရိုင်းကို ခေါင်းဆောင် နေရာက ရပ်ဆိုင်း လိုက်တာ ဟာ ဇင်ဘာဘွေ ရဲ့ ဒီမိုကရေစီ အရေး အတွက် မကောင်းဘူး လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ