ထိုင်းရွေးကောက်ပွဲ ရွှေ့ဖို့ တိုက်ခံပြော

ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံရေး ပဋိပက္ခတွေ အဆုံးသတ်သွားဖို့ အဆိုပြုချက် တရပ် မစ္စတာ အဖိဆစ် တင်ပြခဲ့

ထိုင်းနိုင်ငံမှာ ကာလတာရှည် ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပဋိပက္ခတွေ အဆုံးသတ်သွားစေရေး အဆိုပြုချက်တခုရဲ့ တစိတ်တပိုင်းအဖြစ် ဇူလိုင် လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို နောက်ထပ် ၆လလောက်အထိ ရွှေ့ဆိုင်းထားဖို့ အတိုက်အခံ ပါတီ ခေါင်းဆောင် အဖိဆစ် ဝိဂျာဂျီဝါ့ရဲ့ တောင်းဆိုချက်ကို ထိုင်း အစိုးရ ဝန်ကြီးတဦးက ပယ်ချလိုက်ပါတယ်။

အတိုက်အခံ ပါတီ ခေါင်းဆောင် အဖိဆစ်က နိုင်ငံကို ကြားဖြတ် အစိုးရ အဖွဲ့တခု ဖွဲ့ပြီး လောလောဆယ် အုပ်ချုပ်သင့်ကြောင်း၊ ဒါ့ကြောင့် ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝါ့တ် အနေနဲ့ ရာထူးကနေ နှုတ်ထွက်ပေးဖို့နဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နိုင်ရေးအတွက် လူထု ဆန္ဒခံယူပွဲတခု ကျင်းပဖို့၊ အဲဒီ နောက် ၆လလောက် အကြာမှာမှ ရွေးကောက်ပွဲ ကျင်းပဖို့ အဆိုပြုထားကြောင်း မစ္စတာ အဖိဆစ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ လည်း ထိုင်း ပညာရေး ဝန်ကြီး ချက်တူရော်န် ချေဆဲန်း ကတော့ ဒီ အဆိုပြုချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီပဲ စစ်အာဏာ သိမ်းတာ မျိုးလိုပဲ အလားတူ ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေရှိခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ရွေးကောက်ပွဲကို ထိုင်း အခြေခံ ဥပဒေတရာရုံးက တရားမဝင်ဘူး ဆိုပြီး ပယ်ဖျက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ