ရုရှသမ္မတ ပူတင် ရဲ့ ယူကရိန်း ကစားကွက်

putin_304x171_ ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှသမ္မတပူတင်ရဲ့ သဘောထား မှန်းရခက်

ယူကရိန်း နိုင်ငံ ကတော့ ရုရှ သမ္မတ ပူတင် ရဲ့ နိုင်ငံရေး ကစားကွက်ထဲမှာ လူးကာလှိမ့်ကာ ဖြစ်နေရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သမ္မတ ပူတင် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ယူကရိန်းရဲ့ လာမဲ့ မေလ ၂၅ ရက်ကျင်းပမဲ့ ရွေးကောက်ပွဲ ဟာ ဒီလို ပြည်တွင်း ပြဿနာ တွေ နဲ့ ရှုတ်ထွေး တဲ့ ကာလ မှာ ကျင်းပ ခြင်းဟာ အဓိပ္ပါယ် ကင်းမဲ့ တယ် လို့ ပြောခဲ့ပါတယ်။

အခု တခါ သမ္မတ ပူတင် ရဲ့ နှုတ်ထွက် စကား က၊ ယူကရိန်း အစိုးရ ရဲ့ သမ္မတ ရွေး ကောက်ပွဲ ဟာ လမ်းမှန် ကို သွားတဲ့ ခြေလှမ်း တရပ် လို့ ပြောယင်း၊ ယူကရိန်းပြည်သူ အားလုံးရဲ့ ရပိုင်ခွင့်တွေ ကို အာမခံချက် ပေးနိုင်ဖို့ လည်း အရေးကြီးတယ် လို့ ဆိုပါသေးတယ်။ ဒါ့အပြင် ယူကရိန်း ရဲ့ တောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ရုရှ လိုလားသူ အုပ်စုတွေ ဘက် က လာမဲ့ တနင်္ဂနွေနေ့ ကျရင် ကျင်းပမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လူထုသဘောထား ကောက်ခံရေး မဲရွေးပွဲ ကို တော့ ရွှေ့ဆိုင်း ဖို့ သမ္မတ ပူတင် က ပြောပြန်ပါတယ်။

ယူကရိန်း ရဲ့ အရှေ့တောင်ပိုင်း မှာ နေထိုင်ကြတဲ့ ရုရှ လိုလားသူအုပ်စု တွေ ရဲ့ ကိုယ်စားလှယ်တွေ ကို လာမဲ့ မေလ ၁၁ ရက် ကျင်းပမဲ့ ယူကရိန်းနိုင်ငံ ကို ဖယ်ဒရေးရှင်း ပြည်ထောင်စု အဖြစ် တည်ထောင်ရေး ဆန္ဒခံယူပွဲ ကို မလုပ်ကြနဲ့ ဉီး၊ အရေးကြီးတဲ့ စေ့စပ်ညှိနှိုင်းမှု တွေ ပြုလုပ်ဖို့ အခြေအနေ တရပ် ဖန်တီးဖို့ လိုသေးတယ် လို့ သမ္မတ ပူတင် က ပြောပြန် ပါတယ်။

အထူးသဖြင့် မနေ့က ဥရောပ လုံခြုံရေး နဲ့ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အကြီးအကဲ နဲ့ သမ္မတ ပူတင် တွေ့ဆုံ ဆွေးနွေးပြီးရာမှာ ဒီအသံ ထွက်လာတာပါ။ နောက်ပြီး တော့ ယူကရိန်းနဲ့ ရုရှ နယ်စပ်ဘက် က ရုရှ တပ်တွေ လည်း ရုပ်သိမ်းနေပါပြီ လို ပြောပါသေးတယ်။ ဒါပေမဲ့ နေတိုး အဖွဲ့ ကတော့ ဒီ အချက် ကို မယုံပါဘူး။ တပ်တွေ ဆုတ်ခွာ တဲ့ အနေအထား မထင်ရှားဘူး လို ဆိုတဲ့ အကြောင်း ဝါဆော မှ ဘီဘီစီ သတင်းထောက် က သတင်း ပေးပို့ လိုက်ပါတယ်။