အမေရိကန်အဖွဲ့ နိုင်ဂျီးရီးယားမှာ ရောက်နေ

ဓာတ်ပုံ မူပိုင်
Image caption ကျောင်းသူလေးတွေကို ကူညီ ရှာဖို့ နိုင်ဂျီးရီးယား အစိုးရကို ဘက်ပေါင်းစုံ ကူမယ်လို့ Jay Carney ပြော

နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း ဘော်နို ပြည်နယ်မှာ လွန်ခဲ့တဲ့ သီတင်း ၄ပတ်က ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ကျောင်းသူငယ်လေးတွေရဲ့ ပုံပါတဲ့ ဗီဒီယို ထဲမှာ ခရစ်ယာန် အများစု ပါတဲ့ ကျောင်းသူလေးတွေ အစ္စလာမစ် ဝတ်စုံတွေ ဝတ်ထားတာ တွေ့ခဲ့ရလို့ တုန်လှုပ်သွားခဲ့ ကြောင်း သူတို့ရဲ့ မိသားစုဝင် တချို့က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း သူတို့ကို အသက်ရှင်လျက်သား တွေ့ရလို့ မျှော်လင့်ချက် ရှိလာတယ်လို့ ဆိုပါတယ်။

ဒီဗီဒီယိုကို ဘိုကို ဟာရဲမ် အစ္စလာမစ် အုပ်စုက ထုတ်ပြန်လိုက်တာပါ။

ဗီဒီယိုထဲမှာ ဘိုကို ဟာရဲမ် အဖွဲ့ ခေါင်းဆောင် အဘူဘာကာ ရှီကောင်း က ကျောင်းသူတချို့ကို အကျဉ်းကျနေတဲ့ ဘိုကို ဟာရဲမ် အဖွဲ့ဝင်တွေနဲ့ လဲမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

နိုင်ဂျီးရီးယား ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ဒီလို အပေးအယူမျိုး လုပ်မှာ မဟုတ်ဘူးလို့ ငြင်းဆန်လိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ဌာနက အဲဒီကျောင်းသူလေးတွေ ဘယ်မှာ ရှိနေသလဲ ဆိုတာကို သဲလွန်စ ရဖို့ ဗီဒီယိုထဲက ပုံတွေကို အမေရိကန် ထောက်လှမ်းရေး ကျွမ်းကျင်သူတွေက အသေးစိတ် လေ့လာနေတယ်လို့ ပြောပါတယ်။

ကျောင်းသူလေးတွေကို ကူညီ ရှာဖွေ ကယ်ဆယ်နိုင်ဖို့ အမေရိကန် အဖွဲ့ကို နိုင်ဂျီးရီးယားကို စေလွှတ်လိုက်ပြီလို့ အမေရိကန် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် Jay Carney က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန၊ ကာကွယ်ရေး ဌာန၊ FBI ထောက်လှမ်းရေး အဖွဲ့နဲ့ တခြား နယ်ပယ် ပေါင်းစုံက ကိုယ်စားလှယ်တွေ ပါတဲ့ အဖွဲ့တဖွဲ့ နိုင်ဂျီးရီးယားမှာ ရှိတဲ့ အမေရိကန် သံရုံးမှာ ရောက်နေပြီ ဖြစ်ကြောင်း၊ နိုင်ဂျီးရီးယား အစိုးရကို စစ်ဘက်ဆိုင်ရာ နဲ့ တရားဥပဒေ စိုးမိုးရေးတွေမှာရော စုံစမ်း ထောက်လှမ်းရေး၊ စောင့်ကြည့် ထောက်လှမ်းရေးနဲ့ ကင်းထောက် မှုတွေမှာပါ အကူအညီပေးဖို့တွေ လုပ်သွားမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

UK နဲ့ ပြင်သစ်နိုင်ငံ အပါအဝင် မဟာမိတ် နိုင်ငံတွေနဲ့ အတူ ပူးပေါင်းပြီး ဘိုကို ဟာရဲမ် အဖွဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ တဆင့် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့ အမေရိကန် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် Jay Carney က ပြောသွားပါတယ်။