ဘိုကိုဟာရမ်ကို တိုက်ဖျက်ဖို့ ပြင်သစ်ညီလာခံမှာ သဘောတူ

Image caption နိုင်ဂျီးရီယားသမ္မတ ဂွတ်လပ် ဂျိုနသန်နဲ့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်း တို့ ပဲရစ်မှာ တွေ့ခဲ့

နိုင်ဂျီးရီးယား နိုင်ငံက ဘိုကိုဟာရမ် အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ကို ပူးပေါင်း တိုက်ဖျက်ဖို့ ပြင်သစ် နိုင်ငံမှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ အနောက် အာဖရိက နိုင်ငံ ခေါင်းဆောင်တွေ သဘောတူ ခဲ့ကြ ပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ကို ပူပေါင်း တိုက်ဖျက်ဖို့ အတွက် ထောက်လှမ်းရေး သတင်းတွေ ဖလှယ် ကြမယ်၊ ညှိနှိုင်း ဆောင်ရွက် ကြမယ် ဆိုပြီး အာဖရိက ခေါင်းဆောင်တွေ သဘောတူ ခဲ့ကြ တာပါ။

ဘိုကို ဟာရမ်ကို ချေမှုန်းဖို့ ဒေသတွင်း မှာရော၊ တကမ္ဘာ လုံးနဲ့ ဆိုင်တဲ့ အဆင့် မှာပါ ဆောင်ရွက်မယ့် အစီအစဉ် တွေကို ချမှတ် ခဲ့ကြ တယ်လို့ အစည်းဝေး အပြီးမှာ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လွန်း က ပြော ပါတယ်။

ဗြိတိန်၊ အီးယူနဲ့ အမေရိကန် ကိုယ်စားလှယ် တွေလည်း အစည်းဝေး တက်ရောက် ခဲ့ကြပါတယ်။

ဘိုကိုဟာရမ် အဖွဲ့မှာ နိုင်ဂျီးရီးယားက လူတွေသာ မကဘဲ၊ နီဂျဲ၊ ကင်မရွန်းနဲ့ ချဒ် နိုင်ငံက လူတွေလည်းပါ ဝင်ဖွဲ့စည်း ထားတာမို့ တကမ္ဘာလုံး အတွက် အန္တရာယ် ပေးနိုင်တဲ့ အဖွဲ့ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက် မာ့ခ်ဒွိုင်းလ် က ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ လက နိုင်ဂျီးရီးယား ကျောင်းသူ ၂၂၀ကျော်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။

သူတို့ ရဲ့တိုက်ခိုက်မှု တွေကြောင့် မကြာသေးခင် နှစ်တွေအတွင်း သေဆုံးသူ ထောင်ချီ ရှိခဲ့ပါတယ်။

နောက်ဆုံး တိုက်ခိုက်မှု တခုမှာ တော့ ကင်မရွန်း နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ တရုတ်အင်ဂျင်နီယာ ကုမ္ပဏီတခု ကို ပစ်မှတ် ထားခဲ့ပြီး တရုတ် အလုပ်သမား ၁၀ ယောက်ကို ဖမ်းခေါ် သွားခဲ့ ပါတယ်။

ကင်မရွန်း စစ်သား တဦးလည်း သေဆုံး ခဲ့ပါတယ်။