BBC navigation

ထိုင်းစစ်အုပ်ချုပ်ရေး ကို ဝေဖန် တုံ့ပြန်

နောက်ဆုံး ရေးသားချိန် 21 မေလ 2014 - 02:02 GMT
thailand_troops

ထိုင်းစစ်တပ် လုံခြုံရေး တာဝန်ယူ

ထိုင်းနိုင်ငံ မှာ ပဋိပက္ခ တွေ ဖြစ်ခဲ့တာ ၆ လ ကြာလာခဲ့တဲ့အတွက်၊ နိုင်ငံတော် ရဲ့ လုံခြုံမှု နဲ့ တည်ငြိမ်ရေး ကို ထိန်းသိမ်းဖို့ စစ်အုပ်ချုပ်ရေး၊ အမိန့် ထုတ်ပြန်ရတာ လို့ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်းအိုချား က ပြောခဲ့ပါတယ်။

ဒီကြားထဲမှာ သက်ဆိုင်တဲ့ နိုင်ငံရေး ပါတီ တွေ အနေနဲ့ နိုင်ငံရေး အရ ဆွေးနွေး အဖြေရှာ နိုင်မယ် လို့ မျှော်လင့် ထားတဲ့ အကြောင်း၊ နိုင်ငံ အေးချမ်းသွားတာနဲ့ စစ်အုပ်ချုပ်ရေး ကို ရုပ်သိမ်းပေးမှာပါ လို့ ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်းအိုချား က ပြောသွားတာပါ။

ပြိုင်ဖက်ပါတီ အဖွဲ့အစည်း တွေ အနေနဲ့ အေးအေးဆေးဆေး ဆွေးနွေးရေး၊ ဆန္ဒပြ လှုပ်ရှားတာတွေ၊ ရန်စောင် ရန်စ ဖြစ်နေရာ က အကြမ်းဖက်မှု တွေ ဖက် ရောက်လာတဲ့ အကြောင်း လည်း၊ ဗိုလ်ချုပ်ကြီး က ပြောသွားပါတယ်။

အခုလို ထိုင်းဘုရင် တပ်မတော် အနေနဲ့ ကြားဝင် ထိန်းသိမ်းခြင်း ဟာ လည်း အခြေခံ ဥပဒေ အရ ၊ အကြမ်းဖက်မှု မပါဝင်တဲ့ လုပ်ရပ်သာ ဖြစ်စေလိုကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ လည်း၊ လာမဲ့ သြဂုတ်လ ၃ ရက် ကို ရွေးကောက်ပွဲ ကျင်းပပေး ဖို့၊ ယာယီ ဝန်ကြီးချုပ် နီ့ဝါသန်မ်မရွန် ဘွန်ဆွန်ဂ်ဖိုင်းဆန် ကလည်း ပြောပါတယ်။

အစိုးရ ထောက်ခံတဲ့ ရှပ်နီ အဖွဲ့ ခေါင်းဆောင် ကျတူဖေါန် ဖရုမ်းဖန် ကတော့၊ သူ့ အဖွဲ့သားတွေ ကို စစ်သားတွေ နဲ့ ပြဿနာ မဖြစ်ဖို့ မှာထားသလို၊ စစ်တပ်ဖက် ကလည်း ဘောင်မကျွံ ဖို့ ပြောလိုက်ပါတယ်။ သူတို့ ဖက် က လေးလေးနက်နက် အသိပေးလိုတာ ကတော့ စစ်အုပ်ချုပ်ရေး ထက်၊ ကျော်လွန်တဲ့ လုပ်ရပ် နဲ့ အပြုအမူ၊ ဒီမိုကရေစီ ကို ပျက်သုန်းအောင် လုပ်တဲ့ သဘောအရ၊ စစ်အာဏာ သိမ်းပစ်မယ် ဆိုရင် ရှပ်နီ တွေ အနေနဲ့လည်း ရွေးစရာ လမ်း မရှိရာက၊ ဒီမိုကရေစီ အဖွဲ့အစည်း အနေနဲ့ ရေကုန် ရေခန်း ပြန်တိုက်ဖို့ ပဲ ရှိတယ် လို့ ဆိုပါတယ်။

အစိုးရ ကို ဆန္ဒပြတဲ့ အဖွဲ့ခေါင်းဆောင် စုထေ့ ထူယတ်ခ် စူဘန်း ကလည်း စစ်တပ် အနေနဲ့ အထက်လွှတ်တော် နဲ့ ပေါင်းပြီး ကြားဖြတ် အစိုးရ ဖွဲ့စည်း ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဘန်ကောက် အခြေစိုက် ဘီဘီစီ သတင်းထောက် ကတော့ ထိုင်းနိုင်ငံ မှာ နိုင်ငံရေး လွန်ဆွဲပွဲ ဖြစ်နေတာ ၈ နှစ် ကြာမြင့်နေပြီ ဖြစ်တဲ့ အတွက် အခု လို စစ်တပ် ကနေ စစ်အုပ်ချုပ်ရေး နဲ့ နိုင်ငံ တည်ငြိမ် အေးချမ်း အောင် လုပ်နေပေမဲ့ လည်း၊ နိုင်ငံရေး ပြဿနာ ဟာ ဖြေရှင်း လို့ရနိုင် ဘွယ် လမ်းမမြင် တဲ့ အကြောင်း၊ သုံးသပ် တင်ပြ သွား ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။