ထိုင်း ဝန်ကြီးဟောင်းကို စစ်တပ်က ဖမ်းဆီး

ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံခြား သတင်းထောက် ကလပ်ကနေ ပညာရေး ဝန်ကြီးဟောင်းကို ဖမ်းဆီးခေါ်ဆောင်လာစဉ်။

ထိုင်းနိုင်ငံမှာ ပုန်းအောင်းနေရာကနေ ထွက်လာတဲ့ ဝန်ကြီးဟောင်း တစ်ဦးကို ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်တွေရဲ့ ကလပ်မှာ ထိုင်း စစ်သားတွေက ဝင်ရောက် ဖမ်းဆီးလိုက်ပါတယ်။

သတင်းထောက်တွေနဲ့ အဲဒီ ထိုင်းပညာရေး ဝန်ကြီးဟောင်း ချက်တူရွန် ချိုင်ဆန်း Chaturon Chaisang စကားပြောနေတုန်း စစ်သား ၈ ယောက်က ဝင်ဖမ်းခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က စစ်တပ်က အာဏာသိမ်းလိုက်စဉ် ထွက်ပြေး ပုန်းရှောင်နေခဲ့တဲ့ မစ္စတာ ချက်တူရွန် ချိုင်ဆန်းက သူကိုယ်တိုင် လာအဖမ်းခံဖို့ ပြင်နေတာလို့ ပြောပါတယ်။

စစ်အာဏာ သိမ်းလိုက်တာဟာ ထိုင်းနိုင်ငံကို အကြီးအကျယ် ဒုက္ခရောက် သွားစေလိမ့်မယ်လို့ သူ ယူဆခဲ့ကြောင်း၊ ဒါပေမယ့်လည်း မနေ့က ထိုင်း ဘုရင်မင်းမြတ် ကိုယ်တိုင်က အသိအမှတ် ပြုခဲ့ပြီ ဖြစ်တဲ့အတွက် အောင်မြင်မှု ရသွားပြီ ဆိုတာကို သူ လက်ခံလိုက်ပြီ ဖြစ်ကြောင်း ပြောပါတယ်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို ထိန်းသိမ်းထားရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ကျန်တဲ့ ထိပ်တန်း နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ အရေးပါတဲ့ လူတချို့ကိုတော့ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ