သမ္မတ အိုဘားမား ရဲ့ နိုင်ငံခြားရေး မူဝါဒ

barak_obama ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ အိုဘားမား နိုင်ငံခြားရေး မူဝါဒပြော

အမေရိကန် သမ္မတ အိုဘားမား က ဝက်စ်ပွိုင့် စစ်တက္ကသိုလ် ဗိုလ်လောင်း ကျောင်းဆင်းပွဲ မှာ အမေရိကန် ရဲ့ နိုင်ငံခြားရေး ပေါ်လစီ မိန့်ခွန်း ပြောခဲ့ပါတယ်။ အမေရိကန် ပြည်သူတွေ ဟာ ကျူးကျော် စစ်ဆင် တာတွေ ကို စိတ်ကုန်နေ ကြတာ ကို သူသိတဲ့ အကြောင်း ပြော သွား ပါတယ်။

အခုလို ယူကရိန်း နဲ့ အီရန် ကို စစ်ရေး အရ အရေးမယူ တာ ကို၊ တချို့ က ပျော့ညံ့တယ် လို့ ထင်ကြေးပေး ခြင်း ဟာ မှားယွင်းတဲ့ အကြောင်း၊ သမ္မတ အိုဘားမား က ပြောပါတယ်။ အခုခေတ် ဟာ အမေရိကန် ဦးဆောင် ယင်း၊ နိုင်ငံတကာ နဲ့ ပူးပေါင်းပြီး၊ နိုင်ငံတကာ ပြဿနာ တွေ၊ အငြင်းပွားမှု တွေ ဖြေရှင်းရာမှာ၊ သံတမန် နည်းလမ်း၊ ဖွံ့ဖြိုးရေး အပိုင်း အကူအညီ ပေးမှု၊ ဒီလို အပျော့ဆွဲ နည်းနဲ့ မရရင်တော့ ဒဏ်ခတ်ပိတ်ဆို့၊ အထီးကျန် ဘဝ ရောက်အောင် ဝိုင်းကျဉ်၊ စတဲ့ နည်းတွေ ကို အီရန် နဲ့ ယူကရိန်း နိုင်ငံတွေ အပေါ်၊ ကျင့်သုံးတာ ကို သမ္မတ အိုဘားမား က ထောက်ပြ သွားပါတယ်။

တကယ် လို့ ဒီနည်းတွေ နဲ့ မှ မရရင်တော့၊ နောက်ဆုံး အဆင့် အနေနဲ့ နိုင်ငံတကာ စုပေါင်း တပ်ဖွဲ့ နဲ့ စစ်ရေး အရ အရေးယူဖို့ သာ ကျန်တော့တာ ကို ရှင်းပြပါတယ်။

ဆီးရီးယား ပြည်တွင်းစစ် ကြာမြင့် နေရာက၊ ပြည်သူတွေ အတိဒုက္ခ ရောက်နေတဲ့ အရေးမှာ၊ အမေရိကန် က ထိထိရောက်ရောက် အရေးမယူတာ ကို ကာကွယ်ပြောဆို ရာမှာတော့၊ အမေရိကန် တပ်တွေ ကို ဆီးရီးယား မလွှတ်ရခြင်း က ဒီစစ်ပွဲဟာ ဘာသာရေး၊ဂိုဏ်းဂဏ၊ အယူအစွဲ၊ ကွဲပြားမှု ကို အခြေခံတဲ့ အတွက်၊ အမေရိကန် သမ္မတ တဦး အနေနဲ့ မှန်ကန်တယ် ထင်လို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်း၊ ဒါပေမဲ့ ဆီးရီးယား ပြည်သူတွေ ကို စာနာမှု ကင်းမဲ့လို့ ခေါင်းရှောင် တာ မဟုတ် တဲ့ အကြောင်း၊ သူတို့ကို အုပ်ချုပ်တဲ့ အာဏာရှင် ခေါင်းဆောင် ကိုယ်တိုင် က ဗုံးကြဲ၊ အစာရေစာ ပြတ်လပ်အောင် လုပ်တာတွေ ရှင်းပြပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ အကူအညီ တော့ ပေးပါတယ် လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

ကမ္ဘာ့ အကြမ်းဖက်မှု တွေ တိုက်ခိုက် ခြေမှုန်းရေး အတွက်တော့၊ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ သုံးစွဲမဲ့ အကြောင်း လည်းပြောပါတယ်။ အမေရိကန် ဖြစ်ချင်တဲ့ ပုံစံ က ကမ္ဘာပေါ်မှာ ဦးဆောင်ဦးရွက် အခန်းကဏ္ဍ ကလည်း မဆင်းချင်၊ သူ့ပြည်သူတွေ ကလည်း ကျူးကျော်စစ်တွေ အပေါ်မှာ စိတ်ကုန်ခန်းနေတဲ့၊ အကြောင်း ဝါရှင်တန် မှ ဘီဘီစီ သတင်းထောက် က သုံးသပ်ပြပါတယ်။