အီဂျစ် ရွေးကောက်ပွဲ စစ်ဦးစီးချုပ်ဟောင်း အနိုင်ရ

ဓာတ်ပုံ မူပိုင် AP
Image caption အဗ္ဗဒဲလ် ဖက်တာ ဆီဆီကို ထောက်ခံသူတွေ အောင်ပွဲခံစဉ်။

အီဂျစ် နိုင်ငံမှာ အခု သီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ စစ်ဦးစီးချုပ်ဟောင်း အဗ္ဗဒဲလ် ဖက်တာ အဲလ် ဆီဆီ Abdel-Fattah el-Sisi က အပြတ်အသတ် အနိုင်ရသွားပါတယ်။

ဒေသန္တရ မဲရလဒ်တွေအရ အဗ္ဗဒဲလ် ဖက်တာ ဆီဆီ ဟာ မဲစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲ ရခဲ့တယ်လို့ သိရပါတယ်။

မဲပေးတဲ့ ရက်ကို နောက်တစ်ရက် တိုးပေးခဲ့သလို အခမဲ့ ရထားလက်မှတ်တွေ ပေး၊ ရုံးတွေ ကျောင်းတွေ တစ်ရက် ပိတ်ပေးခဲ့တဲ့ ကြားထဲက မဲလာပေးသူ အရေအတွက်က ၄၅ ရာခိုင်နှုန်း အောက်ပဲ ရှိတယ်လို့ ခန့်မှန်းရပါတယ်။

မဲလာပေးသူ အရေအတွက်နဲ့ ပတ်သက်လို့ လိမ်လည်မှုတွေ ရှိခဲ့တယ်လို့ ရှုံးနိမ့်သွားတဲ့ ဘက်က မဲဆွယ် စည်းရုံးရေးမှူးက ပြောပါတယ်။

မတရားသင်း ကြေညာခံထားရတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ဒီရွေးကောက်ပွဲဟာ ဟန်ပြသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီဂျစ် သမ္မတသစ် အနေနဲ့ ချွတ်ခြုံကျနေတဲ့ စီးပွားရေးနဲ့ အကြီးအကျယ် နှစ်ပိုင်းကွဲနေတဲ့ တိုင်းပြည်ကို အမွေ ဆက်ခံ အုပ်ချုပ်ရမှာ ဖြစ်တယ်လို့ ကိုင်ရိုမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ