ဒေတာအဟောင်းတွေ ပယ်ဖျက်ခွင့် ဂူဂဲလ် ပေးမယ်

ဓာတ်ပုံ မူပိုင် AP
Image caption အချက်အလက်ဟောင်းတွေ ပယ်ဖျက်ဖို့ လင့်ခ်တစ်ခု ဂူဂဲလ် ပေးမယ်

ဥရောပသားတွေ အနေနဲ့ ဂူဂဲလ် အွန်လိုင်း ရှာဖွေရေး စာမျက်နှာကနေ တွေ့ရှိနိုင်မယ့် ကိုယ့်ရဲ့ ကိုယ့်ရေး ကိုယ်တာ အချက်အလက် တွေကို ဖယ်ရှား စေချင်ရင် ပြောဖို့ အတွက် အွန်လိုင်း လင့်ခ် တစ်ခုကို ပြုလုပ်ပေးမယ်လို့ အင်တာနက် နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ ဂူဂဲလ်က ပြောကြားလိုက်ပါတယ်။

ဥရောပက လိုလားတဲ့ တောင်းဆိုချက်တွေနဲ့အညီ ဖြေရှင်းပေးဖို့ လွတ်လပ်တဲ့ ပညာရှင်တွေနဲ့ ကုမ္ပဏီရဲ့ ထိပ်တန်း အမှုဆောင်တွေ ပါဝင်တဲ့ ကော်မတီကနေ ရေရှည် မဟာဗျူဟာ တစ်ခုကို ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဂူဂဲလ်က ပြောပါတယ်။

အွန်လိုင်းမှာ ရှိနေတဲ့ သတင်း အချက်အလက် အဟောင်းတွေ၊ လက်ရှိ အခြေအနေနဲ့ ကျိုးကြောင်း ဆီလျော်မှု မရှိတော့တဲ့ အချက်အလက်တွေကို ဂူဂဲလ် ရှာဖွေရေး စာမျက်နှာကနေ ရှာမတွေ့အောင် လုပ်ပေးဖို့ အစောပိုင်းက တရားမျှတမှုဆိုင်ရာ ဥရောပ တရားရုံးကနေ တောင်းဆိုခဲ့ပြီးနောက် ဂူဂဲလ်က အခုလို ဆောင်ရွက်ဖို့ ကြေညာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဂူဂဲလ် အမှုဆောင် အရာရှိချုပ် Larry Page ကတော့ ဂူဂဲလ် အနေနဲ့ ဥရောပရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဒီလို လုပ်ပေးတဲ့အတွက် ဆန်းသစ် ပြောင်းလဲမှု အပိုင်းကို ထိခိုက်မှုတွေ ရှိစေနိုင်ပြီး ဖိနှိပ်သူ အစိုးရတွေကို အကြိုက်တွေ့စေနိုင်ကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ