D Day နှစ် ၇၀ မြောက် အထိမ်းအမှတ် အခမ်းအနား

ဓာတ်ပုံ မူပိုင် Reuters
Image caption အခမ်းအနား တက်ရောက်သူ ကမ္ဘာ့ခေါင်းဆောင်တွေ။

ပြင်သစ်နိုင်ငံ မြောက်ပိုင်း Sword Beach ကမ်းခြေမှာ မဟာမိတ်တပ်များရဲ့ D Day ကမ်းတက် စစ်ဆင်ရေး အနှစ် ၇၀ မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပနေပါတယ်။

သဲသောင်ပြင်ပေါ်မှာ ပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက် လာကြသူတွေထဲမှာ နိုင်ငံပေါင်း ၂၀ နီးပါးက ခေါင်းဆောင်တွေ၊ အများစုက ဘီးတပ် ကုလားထိုင်တွေနဲ့ အားအင် ချိနဲ့ နေကြပြီ ဖြစ်တဲ့ စစ်ပြန်ကြီးတွေ ဖြစ်ကြပါတယ်။

ဒုတိယ ကမ္ဘာစစ်ကြီး အဆုံးသတ်ရေး အတွက် အဓိက အလှည့်အပြောင်း ဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲမှာ သေဆုံးခဲ့ကြသူတွေ အတွက် သူတို့ အမှတ်တရ ဂုဏ်ပြုခဲ့ကြပါတယ်။

ဒီနေ့ မနက်ပိုင်းက ဝိစ်ထရမ် Ouistreham ကမ်းခြေမှာလည်း အခမ်းအနား ကျင်းပခဲ့ပါသေးတယ်။

အစောပိုင်းကတော့ အမေရိကန် စစ်သား ၉ ထောင်ကျော်ကို မြှုပ်နှံထားရာ ကိုဗီး ဆွီမဲ Colleville-sur-Mer စစ်သင်္ချိုင်းမှာ သမ္မတ အိုဘားမားက ခံစားမှု အပြည့်နဲ့ မိန့်ခွန်း ပြောခဲ့ပါတယ်။

သမ္မတ အိုဘားမားက ပြောရာမှာ ဒီအခမ်းအနားကို အောင်မြင်မှု အထိမ်းအမှတ် တစ်ခုတည်းအတွက် လုပ်တာ မဟုတ်ဘဲ အဲဒီ အောင်မြင်မှု အတွက် ဘယ်လောက် ဂုဏ်ယူတယ် ဆိုတာလည်း ပါကြောင်း၊ စွန့်လွှတ် အနစ်နာခံမှု အတွက် ဂုဏ်ယူရုံသာမက အဲဒီ အတွက် ကမ္ဘာကြီးက ဘယ်လောက် ကျေးဇူးတင်တယ် ဆိုတာလည်း ပြဖို့ ဖြစ်ကြောင်း၊ အနာဂတ် ကမ္ဘာမှာ စွဲထင် ကျန်ရစ်စေဖို့ ဒီလို လုပ်ဆောင်ခဲ့တဲ့ အမျိုးသား အမျိုးသမီးတွေအကြောင်းကို ပြောပြဖို့ ဖြစ်ကြောင်း ပြောသွားပါတယ်။

ဂျာမန်တို့ လက်ထဲကနေ နော်မန်ဒီ ကမ်းခြေကို အသက်ပေါင်း ထောင်နဲ့ချီ စတေးပြီး ပြန်လည် ရယူခဲ့ရတဲ့ ဒီတိုက်ပွဲဟာ ဒီမိုကရေစီရဲ့ ခြေကုပ်ပဲလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ