အီရတ် ဒုတိယမြို့ကို စစ်သွေးကြွတွေ သိမ်းယူ

ဓာတ်ပုံ မူပိုင် AFP
Image caption ထွက်ပြေးလာကြသူတွေရဲ့ ယာဉ်တန်း။

အီရတ် နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ မိုဆူးလ် Mosul မြို့ ကို အစ္စလာမ် အစွန်းရောက်တွေ သိမ်းယူထားလိုက်ပြီးနောက် အရေးပေါ် အခြေအနေ ကြေညာဖို့ ဝန်ကြီးချုပ် နိုရီ အယ်လ်မာလီကီက ပါလီမန်မှာ တောင်းဆိုလိုက်ပါတယ်။

အန္တရာယ်ရှိတဲ့ အခြေအနေအရ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့အတွက် အရေးပေါ် အခြေ အနေ ကြေညာဖို့ ဝန်ကြီးချုပ်နဲ့ သမ္မတက ပါလီမန်ကို တောင်းဆို ပါတယ်လို့ အီရတ် ဝန်ကြီးချုပ်က ပြောပါတယ်။

အယ်ခိုင်ဒါ အဖွဲ့ခွဲ တစ်ခု ဖြစ်တဲ့ The Islamic State of Iraq and the Levant ဆိုတဲ့ အဖွဲ့က လေဆိပ်နဲ့ အဓိက အကျဉ်းထောင် အပါအဝင် မိုဆူးလ်မြို့က အရေးကြီးတဲ့ အစိုးရ အဆောက်အဦတွေကို ထိန်းချုပ်ထားလိုက်တာ ဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ မြို့ခံတွေ ထွက်ပြေးခဲ့ကြချိန်မှာ ရဲတွေနဲ့ စစ်သားတွေက သူတို့ အလုပ်တွေကို စွန့်လွှတ်သွားခဲ့ကြတယ်လို့ သတင်းတွေအရ သိရပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူးလည်း ထွက်ပြေးသွားပြီလို့ သိရပါတယ်။

အကြမ်းဖက်သမားတွေဟာ အခု မိုဆူးလ်မြို့ကို သာမက နိုင်းဗာ Nineveh ပြည်နယ် တစ်ခုလုံးကိုပါ ထိန်းချုပ် ထားလိုက်ပြီလို့ ပါလီမန် ဥက္ကဋ္ဌက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ