အစ္စလာမစ် အဖွဲ့ အန္တရာယ် အီရတ်ကို အမေရိကန် သတိပေး

ဓာတ်ပုံ မူပိုင် Reuters
Image caption မိုဆူလ်မြို့ကနေ အီရတ်စစ်တပ်တွေ ဆုတ်ခွာပေးလိုက်ရ

အီရတ်နိုင်ငံမြောက်ပိုင်းက အရေးပါတဲ့ မိုဆူလ်မြို့ကို ISIS ခေါ် ISIL အစ္စလာမစ် ဂျီဟာ့ဒ် အဖွဲ့က သိမ်းပိုက်လိုက်အပြီးမှာ ဒေသတခုလုံးအပေါ် အစ္စလာမစ် အဖွဲ့ရဲ့ အန္တရာယ် ကျရောက်နေပြီလို့ အမေရိကန် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။

မိုဆူလ်မြို့ကို အစ္စလာမစ် လက်နက်ကိုင်တွေလက်ထဲ စွန့်ပြီး ဆုတ်ခွာပေးခဲ့ရချိန်မှာ အီရတ် စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ သံချပ်ကာကားတွေကို မိုဆူလ်မြို့က လူငယ်တွေက ခဲတွေနဲ့ ဝိုင်းပေါက်ခဲ့ကြပါတယ်။

မြို့ခံ ထောင်ပေါင်း သောင်းပေါင်း များစွာကတော့ အနီးက ကာဒစ်စတန်ထဲ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

မိုဆူလ်မြို့ဟာ ISIL အဖွဲ့ သိမ်းပိုက်လိုက်တဲ့ ဒုတိယမြို့ ဖြစ်ပါတယ်။

အနားမှာ ရှိတဲ့ ကာကွတ် ပြည်နယ်ကိုလည်း အဲဒီ အဖွဲ့က အခုအခါ ထိန်းချုပ်ထားလိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ISIL ရဲ့ အန္တရာယ်ဟာ အီရတ်နိုင်ငံကိုရော အီရတ်နိုင်ငံ တည်ငြိမ်ရေးကိုပါ မက ဒေသတခုလုံးကိုပါ ခြိမ်းခြောက်လာနေပြီမို့ တနေ့တခြားကြီးထွားလာနေတဲ့ လက်နက်ကိုင်တွေရဲ့ အန္တရာယ်ကို ဆန့်ကျင်တိုက်ဖျက်ဖို့ အီရတ်ပြည်သူတွေ သွေးစည်း ညီညွတ်ကြပါလို့ ဝါရှင်တန်မြို့ မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Jen Psaki က ပြောသွားပါတယ်။