ထိရောက်တဲ့ အီရတ်အစိုးရဖွဲ့ဖို့ ရှီအာ ဘာသာရေး ခေါင်းဆောင်တိုက်တွန်း

ဓာတ်ပုံ မူပိုင် AFP
Image caption ရှီအာ ဘာသာရေး ခေါင်းဆောင်ရဲ့ တိုက်တွန်းချက်ဟာ ဝန်ကြီးချုပ် မာလီခီကို ဝေဖန်တာလို့ ယူဆနိုင်

အီရတ်နိုင်ငံမှာ သြဇာ အကြီးဆုံး ရှီအာ အာဏာပိုင် အယာတိုလာ အာလီ အယ်လ် စစ္စတာနီက ထိရောက်တဲ့ အစိုးရ အဖွဲ့သစ်တခု အမြန်ဆုံး ဖွဲ့စည်းဖို့ တိုက်တွန်းလိုက်ပါတယ်။

သောကြာနေ့ ဝတ်ပြုပွဲမှာ သူ့ရဲ့ ကိုယ်စားလှယ် ဖတ်ပြသွားခဲ့တဲ့ ကြေညာချက်ထဲမှာ အယာတိုလာ အာလီ အယ်လ် စစ္စတာနီက နောင်ဖွဲ့မယ့် ဘယ် အစိုးရမဆို အီရတ်နိုင်ငံသားတွေ အားလုံးအတွက် ပိုကောင်းမွန်တဲ့ အနာဂတ်ရေးကို ရှေ့ရှုတဲ့ လမ်းသစ်တွေ ဖွင့်သင့်တယ်လို့ ပြောပါတယ်။

မကြာသေးခင် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေ အပြီး အစိုးရသစ်တခု ဖွဲ့ရေးကို အကောင်အထည်ဖေါ် ဆောင်ရွက်ဖို့ နိုင်ငံရေး သမားတွေကို တိုက်တွန်း ပြောလိုက်တာ ဖြစ်ပေမယ့် ဒါဟာ ဝန်ကြီးချုပ် နူရီ အယ်လ် မာလီခီကို ဝေဖန်လိုက်တာလို့ အများက ရှုမြင်ကြမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ISIS အဖွဲ့ ဉီးဆောင်တဲ့ ဆွန်နီ ဂျီဟာ့ဒ် လက်နက်ကိုင်တွေနဲ့ အစိုးရအကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေရာမှာ အီရတ်နိုင်ငံရဲ့ အကြီးဆုံး ရေနံချက် စက်ရုံကြီးရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အသေအချာ မသိပဲ ရှိနေပါသေးတယ်။